Sunday, November 02, 2014

သမ္မတအိမ်တော်မှ သမိုင်းဝင် နှစ်နာရီကျော်


သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သမိုင်းဝင်ထိပ်သီးခေါင်းဆောင်များတွေ့ဆုံပွဲသို့ ပထမဆုံးရောက် လာသူမှာ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ဖြစ်သည်။

ဆွေးနွေးပွဲကို နံနက် ၉ နာရီ ခွဲတွင် ပြုလုပ်ရန် စီစဉ်ထားရာ ၉ နာရီ ၁၅ မိနစ်မှာပင် ဆွေးနွေးပွဲ လုပ်မည့် ငုရွှေဝါခန်းမသို့ ၎င်းတို့ နှစ်ဦးရောက်ရှိနေခြင်းဖြစ်သည်။

ထို့နောက် ၅ မိနစ်ခန့်အကြာတွင် သမ္မတဦးသိန်းစိန်နှင့် ဒုတိယသမ္မတနှစ်ဦးတို့ အတူတကွ လမ်း လျှောက်
ရောက်လာသည်။

သမ္မတနှင့် ဒုသမ္မတ နှစ်ဦးအား ကြိုတင်ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ဒုတိယ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ဆင်ဝင် အောက်နေရာမှ အလေးပြုကြိုဆိုကြသည်။

ထို့နောက်သမ္မတနှင့် အတူ ဆွေးနွေးပွဲလုပ်မည့်အခန်းသို့ သွားရောက်ခဲ့ကြသည်။ ထို့ နောက်တစညပါတီ ခေါင်းဆောင် ဦးသိန်းထွန်း၊ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦး တင်အေးတို့ရောက်ရှိလာသည်။ ၎င်းတို့ကို သမ္မတဦးသိန်းစိန်ကကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးရောက်ရှိလာခဲ့ သည်။ သူ့ပုံမှာ တက်ကြွသည့်ဟန် ပန်ကို မတွေ့ရပေ။

ပြည်ထောင်စုလွှတ်တော် နာယက  သူရဦးရွှေမန်းရောက် လာချိန်တွင် ၎င်းက သမ္မတကြီးအားအစ်ကိုကြီး ဟု ခေါ်ဝေါ်ကာဖော် ဖော်ရွေရွေနှုတ်ဆက်သည်။ သို့သော်သမ္မတဦးသိန်းစိန်က ရှေ့မှပုဂ္ဂိုလ်များကဲ့သို့ ပုံမှန်အနေအ ထားဖြင့်သာ ပြန်လည်နှုတ်ဆက်ခဲ့သည်။

အစည်းအဝေးသို့ နောက်ဆုံးရောက်လာသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်း စုကြည်ဖြစ်သည်။ သမ္မတကြီးနှင့် နှုတ်ဆက်သည့် အခါတွင်မူ သူမ၏ မျက်လုံးများ က သမ္မတ၏ မျက်နှာကို သေသေချာချာ ကြည့်နေသည်ကို တွေ့မြင်ရသည်။ သမ္မတကြီးက လက်ဆွဲနှုတ်ဆက်ပြီးနောက် အခြား ခေါင်းဆောင်များကဲ့သို့ ဆွေးနွေးမည့် အခန်းဝင်ပေါက်ကို ညွှန်မပြဘဲ တံခါးပေါက်ရောက်သည့်အထိ ကိုယ်တိုင်လိုက်ပို့ပေးသည်။

ဆွေးနွေးပွဲခန်းမသို့ မသွား မီ ယာယီစုဝေးသော ခန်းမအတွင်း တစ်ယောက်နှင့် တစ်ယောက် အပြန် အလှန်နှုတ်ဆက်နေသည်ကိုတွေ့နေရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ် အောင်ဆန်းစု ကြည် တို့သည် ထိုနေရာတွင် ပထမဆုံးတွေ့ဆုံခဲ့ကြပြီး သမိုင်းဝင်နှုတ်ဆက်ခဲ့ကြသည်။ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးထံ သွားရောက်နှုတ် ဆက်သည်ကိုတွေ့လိုက်ရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့ လက်ဆွဲနှုတ်ဆက်နေ သည့် ပုံမှာဆိုရှယ်မီဒီယာများပေါ် ရောက်ရှိ ခဲ့ပြီး မိနစ်ပိုင်းအတွင်း ပျံ့နှံ့သွားခဲ့သည်။ ယနေ့ဆွေးနွေး ပွဲတွင် လူစိတ်ဝင်စားမှုအများဆုံး ဖြစ်ခဲ့သည့် ဓာတ်ပုံလည်းဖြစ်ခဲ့ သည်။ ဆွေးနွေးပွဲမတိုင်မီ မှတ် တမ်းဓာတ်ပုံရိုက်ကူးပြီး ဆွေးနွေး ပွဲကို  နံနက် ၉ နာရီ ၃၀ မိနစ်တွင် စတင်ခဲ့သည်။

ဆွေးနွေးပွဲပုံစံမှာ စက်ဝိုင်းပုံ သဏ္ဌာန်ဖြစ်ပြီး နိုင်ငံတော်သမ္မတ နှင့် ဒုသမ္မတနှစ်ဦးမှာ ထိပ်ဆုံးမှ ထိုင်ခဲ့ကြ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ညာဘက်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်ကနေရာ ယူပြီး လက်ဝဲဘက်တွင် ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌကနေရာယူသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် မျက်နှာချင်းဆိုင်အနေအထား ဖြစ်နေသည်။

ထို့နောက်ဆွေးနွေးပွဲကို ၉ နာရီ ၃၅ မိနစ်တွင်စတင်ပြီး ဆွေး နွေးပွဲစတင်သည်နှင့် မီဒီယာသမားများ အပြင် ထွက်ပေးရန် နိုင်ငံတော်သမ္မတကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုခဲ့သည်မှာ တစ်နှစ်ကျော် ခဲ့ပြီဖြစ်သည်။ လေး ပွင့်ဆိုင်မဟုတ်ဘဲ တစ်နှစ်ကျော် ကြာမှသာ အင်အားစု ငါးစုမှ ခေါင်းဆောင် ၁၄ ဦးအား ၁၀ မိနစ်ခန့်စီဆွေးနွေးရန် အောက်တို ဘာ ၃၁ ရက်တွင် ပြုလုပ်ခဲ့သည်။ ထိုအချိန်သည် သမ္မတ အိုဘားမား
မြန်မာနိုင်ငံသို့လာရန် ၁၂ ရက်သာလိုတော့သည့်အချိန်ဖြစ် သည်။ ထို့ကြောင့်လည်း ယခု တွေ့ဆုံမှုကို မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့် တွေ့ဆုံဆွေးနွေးမှုမဟုတ်ဘဲ ဟန်ပြသက်သက်ဖြစ်သည်ဟု ဆွေးနွေးပွဲ မစမီကပင် ဝေဖန်သံများ ထွက်လာခဲ့သည်။

‘‘အစိုးရက တမင်ပုံပြချင်လို့ပဲ ကျင်းပတယ်လို့မြင်ပါတယ်။ အိုဘားမားရောက် လာတော့မယ် လေ’’ဟု ရှမ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော RCSS/SSA မှ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးကြီးစိုင်းလှ က သုံးသပ် သည်။

ထို့ကြောင့် ယခုတွေ့ဆုံဆွေးနွေးရေးမှာထူးခြားသည့် ရလဒ်မျိုးမထွက်လာနိုင်ဟု နိုင်ငံရေး လေ့လာသူများ က သုံးသပ်ကြ သည်။အပြုသဘောရှုမြင်သော နိုင်ငံရေးလေ့လာသူများက ပထမဆုံးဆွေးနွေးပွဲဖြစ်၍ တစ်ကြိမ်တည်းဖြင့် ရလဒ် ကောင်းရန် မလွယ်ဘဲ ထိုသို့တွေ့ဆုံဆွေးနွေး မှုများပြုလုပ်လျှင် တိုင်းပြည် အတွက်ကောင်းမည်ဟု သုံးသပ်ကြသည်။

‘‘ထူးမခြားနားပါပဲ။ Open-ing လုပ်ပြတာပေါ့။ နိုင်ငံတကာကို အစိုးရက ဒီမိုကရေစီရေး၊အမျိုးသားပြန်လည် သင့်မြတ်ရေးကိုတိုးတက်လုပ်ဆောင် နေကြောင်းပြောလို့ရတဲ့အခြေအနေတစ်ခုကိုဖန်တီးယူလိုက်တာ ပေါ့’’ဟုနိုင်ငံရေးဆောင်းပါးများရေးသားသူ ဦးထင်လင်းဦးကဆိုသည်။

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ ထိုအချက်ကို လက်မခံပေ။ ဖွဲ့စည်းပုံအခြေခံဥ ပဒေပြင်ဆင်ရေး
ကော်မတီအစီ ရင်ခံစာထွက်လာသည့် အချိန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတော်အသင့်ခိုင်မာနေချိန် တွင်ပြုလုပ်ခြင်းဖြစ် သဖြင့် မည်သူ့ခရီးစဉ်နှင့်မျှမသက်ဆိုင်ကြောင်း  ဦးရဲ ထွဋ်ကတုံ့ပြန်သည်။

 သို့သော်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်ဒေါ်အောင် ဆန်းစုကြည်တို့  လက်ဆွဲနှုတ် ဆက်နေပုံကို မြင်ရသူတပ်မတော် သားများက သဘောကျနှစ်သက် ကြသည်။

‘‘ကျွန်တော့်အမြင်ကတော့ ကောင်းတဲ့အလားအလာလို့ပဲ မြင်မိရုံပါ။ နောက် ဒုချုပ်ပါ ပါလာတယ်ဆိုတာ့ ၂၀၁၅နောက်ပိုင်းအတွက်ပါ မျှော်မှန်းထားပြီး ဒီပွဲက တစ်ဆင့်ရှေ့ဆက်လုပ်သွားကြမှာတွေရှိနိုင်တယ်။ တပ်အနေနဲ့ ဒီ ပွဲကို အလေးအနက်ထားတယ်လို့ တော့ယူဆပါတယ်’’ဟု လက်ရှိ တပ်မတော်တွင်ဗိုလ်မှူး အဆင့် တာဝန်ထမ်းဆောင်နေသူတစ်ဦး ကသုံးသပ်သည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် ပထမဆုံးတွေ့ခွင့်ရ သော ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့်လည်း သူမအနေဖြင့် တပ်မတော်နှင့် အမြင်မတူမှုများရှိ သော်လည်း တပ်မတော်ကိုချစ်သည့် အကြောင်းဆွေးနွေး ပွဲတွင်ပြောခဲ့ သည်ဟုသတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ကမူ တစ်ဖက်ကလည်းနိုင်ငံရေးအမြင်ကွဲပြားမှုတွေကို လက်နက်ကိုင် နည်းလမ်းအားဖြင့် ဖိ အားပေး၊ အသာစီးရယူဖို့ ကြိုး ပမ်းခြင်းသည် နိုင်ငံတော်၏တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ လို ကြောင်းပြောခဲ့သည်။

၂နာရီကျော်ကြာတွေ့ဆုံ ဆွေးနွေးပွဲတွင် တစ်ဦးလျှင် ၁၀ မိနစ်စီပြောဆိုဆွေးနွေး ခွင့်ရပြီး ဖွဲ့စည်းပုံပြင် ဆင်ရေး၊ ငြိမ်းချမ်းရေး ကိစ္စများဆွေးနွေးခဲ့ကြသည်။

သို့သော် ဆွေးနွေးပွဲတွင် တိတိကျကျဘုံသဘောတူညီချက်မရရှိခဲ့ပေ။ ဘုံသဘောတူညီချက်ကို အကောင် အထည်ဖော်ရန်အတွက် ကောင်းမွန်သောနည်းလမ်းရရန် အထောက်အကူသာဖြစ်ခဲ့သည်ဟု သမ္မတပြော ရေးဆိုခွင့်ရှိ သူဦးရဲထွဋ်ကပြောသည်။

၁၁ နာရီ ၄၅မိနစ်တွင် ဆွေးနွေးပွဲပြီးဆုံးပြီး ထမင်းစားခန်းသို့လမ်းလျှောက်ရာတွင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ စကားပြောရင်း အတူသွားခဲ့ကြသည်ကိုတွေ့ရသည်။

ထမင်းစားပွဲပြင်ထားသည့် ပုံသဏ္ဌာန်မှာ ယူပုံသဏ္ဌာန်ဖြစ် နေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ကမျက်နှာချင်းဆိုင်ထိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်ဘေးတွင် ဦးခင်အောင်မြင့်နှင့် ဦးဌေးဦး တို့ ထိုင်ကြပြီး ထမင်းစားရင်းနှစ်နှစ် ခြိုက်ခြိုက်ရယ်မောစကားပြောဆိုကာ မြန်မာအစားအစာများစားသုံး ခဲ့သည်။ ထမင်းစားဝိုင်းအပြီးတွင် သမ္မတက တက်ရောက်လာသူများကို တံခါးပေါက်ဝတွင် နှုတ်ဆက်ရင်း သမိုင်းဝင်တွေ့ဆုံမှုပြီးဆုံးခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List