ဖွဲ့စည်းပုံခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်မှုကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း၍ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးသည့်အခါ ပြည်သူသိအောင် ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
၎င်းက “ကျွန်မတို့ပြည်သူလူထုက ရွေးချယ်ပါတယ်ဆိုတဲ့ ကိုယ်စားလှယ်များက တစ်ဦးချင်းအနေနဲ့ မိမိတို့ရဲ့ ရပ်တည်ချက်ဟာ ဘယ်လိုရှိတယ်ဆိုတာ မဲဆန္ဒရှင်တွေ သိအောင်လို့ ဖော်ထုတ်ပေးဖို့လိုတယ်လို့ ကျွန်မပြောချင် ပါတယ်”ဟု ဆိုသည်။
ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်ရန် လေ့လာသုံးသပ်ရေးကော်မတီကို အဖွဲ့ဝင် ၁ဝ၉ ဦးဖြင့် ၂ဝ၁၃ခုနှစ် နှစ်လယ်က ပြည်ထောင်စုလွတ်တော်က ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၄ခုနှစ် ဖော်ဖော်ရီလတွင် ဖွဲ့စည်းပုံခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အကောင်ထည်ဖော်မှုကော်မတီကို အဖွဲ့ဝင် ၃၁ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။
အဆိုပါကော်မတီ အနေဖြင့် ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲ မကျင်းပမီ ၆လခန့်အလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တွင် အပြီးသတ် တင်သွင်းရမည်ဟု ပြည်ထောင်စု လွတ်တော် နာယက ဦးရွေမန်းက ညွန်ကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ၈၈ ငြိမ်းချမ်ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ မေလ ၂၇ ရက်က ဇူလိုင်လ ၁၉ ရက်အထိ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲများသည် ယင်းကော်မတီအပေါ် သက်ရောက်မှု မရှိသည်မှာ မှန်ကန်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယခုလ ၃ရက် က ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုများသည် လွှတ်တော်ကော်မတီ အပေါ် သြဇာသက်ရောက်မှု ရှိမည်မဟုတ်ဆိုသည့် စကားကို ရည်ညွန်းကာ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီ ၃၁ဦး ကော်မတီဟာ ၄၃၆နဲ့ ပတ်သက်ပြီးတော့လည်း ဆုံးဖြတ်ပြီးပြီလို့ ကျွန်မ နားလည်းပါတယ် ”ဟုပြောသည်။
သို့သော် ပြည်သူများအနေဖြင့် ပြည်သူ့ဆန္ဒသည် လွှတ်တော်အပေါ်တွင် မည်မျှသြဇာသက်ရောက်မှု ရှိမရှိ၊ မည်ကဲ့သို့ ဆုံးဖြတ်မည်ကို စောင့်ကြည့် လေ့လာသုံးသပ် ဆုံးဖြတ်ရန်လည်း တိုက်တွန်းခဲ့သည်။ ၎င်းက “အဲ့ဒီဆုံးဖြတ်ချက်ဟာ ဘာကို ဆုံးဖြတ်သလဲဆိုတာ အခုလွတ်တော်ရဲ့တန်ဖိုးကို ဆုံးဖြတ်တာပဲဖြစ်တယ် ဆိုတာ ကျွန်မပြောချင်ပါတယ်။ ”ဟုဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေဖြင့် အခြေခံဥပဒေအား မည်သည့်အတွက်ကြောင့် ပြင်ဆင်ချင်သည် မည်သည့်အချက်များ ပြင်ဆင်ချင်သည် မည်ကဲ့သို့ ပြင်ဆင်ခြင်သည် စသည့်အချက်များကို ပြည်သူများသိရှိစေရန် ထုတ်ပြန်ထားပြီး ဖြစ်သည်ဟု ပြောသည်။
၎င်းက ပြည်သူလူထုအတွက် အရေးကြီးတဲ့ ဥပဒေကို ပြည်သူ့ဆန္ဒ ပြည်သူ့သြဇာ သက်ရောက်တဲ့ အခြေခံဥပဒေ ဖြစ်ဖို့လိုပါတယ်ဟု မှတ်ချက်ပြုသည်။
အဆိုပါ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲသို့ ၈၈ မျိုးဆက်မှ ဦကိုကိုကြီးအား လျောက်လွာတင်မှု နောက်ကျသည်ဟုဆိုကာ သက်ဆိုင်ရာက ဟောပြောခွင့်မပြုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်တို့ ဟောပြောခဲ့သည်။ ပခုက္ကူ၊ မြိုင်၊ ရေစကျို၊ မကွေး စသည့် မြို့နယ်များမှ ပြည်သူလူထု သုံးသောင်းနီးပါး တက်ရောက်ခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment