Sunday, July 27, 2014

ဂါဇာဒေသ၌ ၁၂ နာရီကြာ လူသားချင်း စာနာထောက်ထားသော အပစ်အခတ် ရပ်စဲရန် အစ္စရေး သဘောတူ


ဂါဇာဒေသ၌ ၁၂ နာရီကြာ လူသားချင်း စာနာထောက်ထားသော အပစ်အခတ် ရပ်စဲထားရန် အစ္စရေးနိုင်ငံ က သဘောတူညီလိုက်ပြီး စနေနေ့ နံနက် ၈ နာရီမှ စတင်၍ အပစ်ရပ်သွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ လူသားချင်း စာနာထောက်ထားသော အပစ်ရပ်ရန် သဘောတူညီလိုက် ကြောင်း ပါလက်စတိုင်း ဟားမတ် စစ်သွေးကြွအုပ်စုက ပြောကြားလိုက်သည်။

ယင်းနောက်တွင် အစ္စရေးတပ်မတော်က အပစ်အခတ်ရပ်စဲရေးကို Twitter မှတစ်ဆင့်အတည်ပြု လိုက်သော်လည်း အကြမ်းဖက်သမားများ၏ လိုဏ်ခေါင်းများကို ဆက်လက်ရှာဖွေ ချေမှုန်းမည်ဟု ဆိုသည်။

အပစ်ရပ်ထားသည့် ကာလအတွင်း စစ်သွေးကြွများ အသုံးပြုသော ဥမင်လိုဏ်ခေါင်းများကို ရှာဖွေသွားမည် ဖြစ်ပြီး အစ္စရေး တပ်ဖွဲ့ဝင်များ၊ အရပ်သားများအပေါ် အကြမ်းဖက်သမားများက တိုက်ခိုက်လာပါက လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အစ္စရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“ဂါဇာအရပ်သားတွေ နေထိုင်ရာတွေကို ပြန်သွားဖို့ ပြောကြားလိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စနေနေ့ နံနက် ဒေသစံတော်ချိန် ၈ နာရီမှ စတင်ပြီး ၁၂ နာရီကြာ အပစ်ရပ်သွားမည် ဖြစ်ကာ ခုနစ် ရက်ကြာ အပစ်ရပ်စဲမှုကို ဆက်လက် ဆွေးနွေးလျက် ရှိသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဂါဇာဒေသအပေါ် ထိုးစစ်ဆင်နေသော စစ်ဆင်ရေး ပမာဏကို သိသိသာသာ တိုးချဲ့မည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး မိုရှေယာလွန်က ပြောကြားလိုက်ပြီးနောက် ယခုကဲ့သို့သော ၁၂ နာရီကြာ အပစ် အခတ်ရပ်စဲမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရေရှည် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မှုကို ဟားမတ်စစ်သွေးကြွ အုပ်စုများက ငြင်းဆိုထားပြီး ဂါဇာဒေ သအပေါ် အစ္စရေးတို့က ဝန်းရံပိတ်ဆို့ထားမှု ရပ်တန့်မှသာ အပစ်ရပ်ရန် သဘောတူမည်ဟု ၎င်းတို့က ပြောကြားသည်။

ဇူလိုင် ၈ ရက်နေ့မှ စတင်ခဲ့သော အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွများကြား ပဋိပက္ခကြောင့် ပါလက်စတိုင်း ၈၀၀ ကျော်နှင့် အစ္စရေး ၃၈ ဦး သေဆုံးခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List