Thursday, July 31, 2014

ပဉ္စမမြောက်ရုံးချိန်းတွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏အမှုအား ပထမဆုံးကြားနာစစ်ဆေးပြီး ကျန်းမာရေး မကောင်းသဖြင့် တရားရုံးသို့ ဆေးအာမခံလျှောက်ထားသော်လည်း တရားရုံးကပလပ်



ဇူလိုင် ၃ဝ ရက် ပဉ္စမအကြိမ်မြောက်ရုံးချိန်းတွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏အမှုအား ပထမဆုံးကြားနာ စစ်ဆေးခဲ့ပြီး ကျန်းမာရေးမကောင်းသဖြင့် ဦးဆန်းဆင့်၏ မိသားစုဝင်များက ဆေးအာမခံရရှိရန် တရားရုံးတော်သို့ အာမခံလျှောက်ထားခဲ့သော်လည်း တရားရုံးကပလပ်ခဲ့ကြောင်း ဦးဆန်းဆင့်၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားခဲ့သည်။
နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ဦးဆန်းဆင့်၏ အမှုအား ပထမဆုံးအကြိမ် ကြားနာစစ်ဆေးရာတွင် နံနက် ၉ နာရီ ၄၈ မိနစ်မှ ညနေ ၃ နာရီ ၂၅ မိနစ်အထိစစ်ဆေးခဲ့ပြီး တရားခွင်ကြားနာ စစ်ဆေးရာတွင် ပြစ်မှုကြီးပုဒ်မ ၄၈/၁၄ ပြစ်မှုပုဒ်မ ၄ဝ၉ နှင့် ပြစ်မှုကြီးပုဒ်မ ၄၂/၁၄ ပြစ်မှုဥပဒေပုဒ်မ ၁၂၄(က) တို့အား ကြားနာစစ်ဆေးခဲ့ကြောင်း သိရသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ရှေ့နေ ဦးတင်ထွန်းက “အမှုနှစ်ခုရှိတယ်။ ပြစ်မှုကြီးပုဒ်မ ၄၈/၁၄ အဲ့ဒါက ပုဒ်မ ၄ဝ၉ပါ။ ပုဒ်မ ၄ဝ၉ ကိုဒုညွှန်ကြားရေးမှူး (စ.စ.စ)က ဦးဌေးလွင်ကိုစစ်တယ်။ ဦးဌေးလွင်ကို စစ်လို့ပြီးသွားပါတယ်။ အဲ့ဒီအမှုကပဲ အမှုစစ်အရာရှိ ဦးညိုဝင်းကို စစ်တာမပြီးသေးပါဘူး။ တန်းလန်းကြီးပါ။ နောက်အခြေအနေတစ်ရပ်က ပြစ်မှုကြီးပုဒ်မ ၄၂/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က)အရ စစ်တယ်။ တရားလိုဒုရဲမှူးကြီး ဦးခင်ဌေးကို စစ်တာပြီးသွားပါပြီ။ စစ်လို့ပြီးသွားတဲ့အတွက် နှစ်မှုစလုံး အခုအခြေအနေမှာပဲ ကျွန်တော်တို့က ဦးဆန်းဆင့်ကို အချုပ်လွတ်ထုခြေခွင့် လျှောက်ပါတယ်။ ခေါင်းစဉ်ကတော့ ကျန်းမာရေး ခေါင်းစဉ်ပါ။ ဆေးစာကတော့ မြန်မာ့စွယ်စုံ ကျမ်းလောက်ရှိတဲ့ စာအုပ်ကြီးအထုပ်လိုက် ပေးလိုက်ပါတယ်။ အဲ့ဒါကိုတရားခွင်မှာ ပလပ်ပါတယ်” ဟု ပြောကြားသည်။

ဇွန် ၁၉ ရက်တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို သိန်းတစ်ရာခန့် အလွဲ သုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုအမှုဖွင့်၍ ဥတ္တရသီရိမြို့နယ် ဘုရားကုန်း ရဲစခန်းတွင် ပ/၂၁/၂ဝ၁၄ ပြစ်မှုပုဒ်မ ၄ဝ၉/၁ဝ၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။

ဦးဆန်းဆင့်၏ ငါးကြိမ်မြောက်ရုံးချိန်းတွင် ပြည်တွင်း၊ ပြည်ပမီဒီယာများ ၂ဝ ကျော် သတင်းတက်ရောက်ယူခဲ့ရာ ယခင်ရုံးချိန်းများနည်းတူ လုံခြုံရေးတင်းကျပ်ခဲ့ပြီး တရားရုံးအတွင်းသို့ ပြည်တွင်းသတင်းထောက် ငါးဦးဝင်ခွင့် ပြုခဲ့သော်လည်း သတင်းထောက်များ၏ ကင်မရာ၊ ဖုန်း၊ အသံဖမ်းစက်များ အပ်နှံခဲ့ရပြီး တရားခွင်ထဲသို့ ဝင်ရောက် နားထောင်ခွင့် မပြုခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကို အရင်အပတ် ရုံးချိန်းနဲ့မတူဘဲ ဝင်ခွင့်တော့ပြုတယ်။ ဒါပေမဲ့ တရားခွင်ထဲကို နားထောင်ခွင့်မပြုဘူး။ တရားရုံးအောက်ထပ်မှာပဲ ထိုင်နေရတယ်။ ဦးဆန်းဆင့် ပြန်ဆင်းလာလို့ ကျွန်တော်တို့ သတင်းထောက်တွေက ဦးဆန်းဆင့်ကို ဘာများပြောစရာရှိသလဲလို့မေးတော့ လုံခြုံရေးတွေက ပြောစရာမရှိဘူး။ ဘာမှပြောစရာမရှိဘူးလို့ ဦးဆန်းဆင့်ကို အတင်းကားပေါ် တင်လိုက်တယ်။ ဦးဆန်းဆင့်ကတော့ ကျွန်တော်ကျန်းမာရေး သိပ်မကောင်းဘူးလို့ ပြောသွားပါတယ်” ဟု သတင်းထောက်တစ်ဦးက ပြောကြားသည်။

ဝန်ကြီးဟောင်းဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက်ရုံးချိန်းအား ဩဂုတ် ၆ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List