Sunday, July 27, 2014

MSF အား ရခိုင်တွင် လုပ်ငန်းများ ပြန်စခွင့်ပြုမည့်အပေါ် သတိရှိစွာဖြင့် ကြိုဆိုလိုက်ကြောင်း MSF ထုတ်ပြန်


နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အား ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများ ပြန်စခွင့်ပြုမည်ဆိုခြင်း အပေါ် သတိရှိစွာဖြင့် အကောင်းမြင်ကာ ရခိုင်တွင်လုပ်ငန်းများ မကြာမီ ပြန်စနိုင်ရန် မျှော်လင့်ထားကြောင်း MSF က ဇူလိုင်လ ၂၅ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု အစိုးရ နှင့် ရခိုင်ပြည်နယ် အစိုးရတို့က MSF အနေဖြင့် ရခိုင်ပြည် နယ်အတွင်း လုပ်ငန်းများ ပြန်စနိုင်ကြောင်း ကြေညာခဲ့ကြခြင်းအပေါ် MSF က ကြိုဆိုပါကြောင်း အမ်စတာဒမ်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

“အဲဒီ တိုးတက်ဖြစ်ပေါ်မှုအပေါ် MSF အနေနဲ့ သတိရှိစွာနဲ့ အကောင်းမြင်မိ ပါတယ်”ဟု အမ်စတာဒမ်ရှိ MSF လုပ်ငန်း ဒါရိုက်တာ မာဆယ်လန်းဂန်းဘက် (Marcel Langenbach) က ဆိုသည်။

“ဆေးကုသခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို ရခိုင်မှာရှိတဲ့ လူအများအပြား ရရှိရေးဟာ ကြီးမားတဲ့ စိန်ခေါ် ချက် တစ်ခုအဖြစ် ဆက်ရှိနေတာမို့ MSF အနေနဲ့ ဝေဒနာရှင်တွေကို ဆေးကုသပေးမှုတွေ အမြန်ဆုံး ပြန်စနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု မစ္စတာ လန်းဂန်းဘက်က ဆိုသည်။

MSF သည် မူစလင်များအား ဦးစားပေး ကုသပေးကြောင်း ဗုဒ္ဓဘာသာအဖွဲ့များ၏ စွပ်စွဲချက်များ ထွက်ပေါ် လာခဲ့ကာ MSF အဖွဲ့ ရခိုင်မှ ထွက်ခွာသွားရန် အာဏာပိုင်များက ဖေဖော်ဝါရီလအတွင်းက ညွှန်ကြားခဲ့ကြ သည်။

လူနာများ ဆေးကုသမှု ခံယူနိုင်စေရန်အတွက် မြန်မာအစိုးရ အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အေဂျင်စီများအား ချုပ်ချယ်မှုမရှိ လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် အရေးကြီးကြောင်းလည်း မစ္စတာ လန်းဂန်းဘက် က ဆိုခဲ့သည်။

အပြန်အလှန် တင်းမာမှုများကြောင့် ရခိုင်ရှိ အခြေအနေမှာ အတိမ်းအစောင်း မခံကြောင်းလည်း သူက အသိအမှတ်ပြု ပြောကြားခဲ့သည်။

MSF သည် ရခိုင်တွင် ၁၉၉၄ ခုနှစ် ကတည်းက လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလထဲတွင် လုပ်ငန်းများ ဆိုင်းငံ့ခဲ့ရကြောင်း နှင့် ရခိုင်ပြည်နယ်တွင် MSF အဖွဲ့မှာ အစိုးရ အဖွဲ့အစည်းမဟုတ်သည့် အကြီးမားဆုံးသော ဆေးကုသရေးအဖွဲ့ဖြစ်ခဲ့ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

“ရခိုင်ပြည်နယ်အဝှမ်းမှာ  လုပ်ငန်းတွေ ပြန်စဖို့ ကျွန်တော်တို့ စိတ်အားထက်သန်နေဆဲ ဖြစ်ပြီးတော့၊ မြန်မာနိုင်ငံသား ဝန်ထမ်းတွေနဲ့ နိုင်ငံခြားသား ဝန်ထမ်းတွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာဆိုရင် ဆေးကုသ မှုတွေ ချက်ခြင်း ပြုလုပ်ပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု မစ္စတာ လန်းဂန်းဘက် က ဆိုသည်။

MSF အဖွဲ့ ဖေဖော်ဝါရီလက ရခိုင်က မထွက်ခွာရမီက MSF သည် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်း ၂၄ ခုနှင့် အချို့ကျေးရွာများတွင် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးခဲ့ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List