Wednesday, July 30, 2014

ယုံကြည်ရသော သက်သေများရှေ့ အပစ်ရပ်လက်မှတ်ထိုးရန် ၈၈ တိုက်တွန်း


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအနေနှင့် အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ် စဲရေးစာချုပ် ချုပ်ဆိုရာတွင် ယုံကြည်ရသော ပြည်တွင်း ပြည်ပ အသိသက်သေ အဖွဲ့အစည်းများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီး အစည်းအဝေး (လိုင်ဇာ) သို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး ပွင့်လင်းလူ့အဖွဲ့အစည်းက စာပေးပို့ တိုက်တွန်းလိုက်သည်။ 

အဆိုပါ တိုက်တွန်းစာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရုံမျှဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရရှိမည် မဟုတ်သောကြောင့် ပြည်ထောင်စု ညီလာခံကြီး ပေါ်ပေါက်အောင် အမြန်ဆုံး လုပ်ဆောင်ရန်လည်း တိုက်တွန်းထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ 

အဆိုပါ တိုက်တွန်းစာကို ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် တတိယအကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး(လိုင်ဇာ)သို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

အဆိုပါ ထိပ်သီးအစည်းအဝေးပွဲ ဇူလိုင်လ ၂၈ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ သံတမန်မစ္စတာ ဝမ်ယင်ဖန်း၏ လက်ထောက်အရာရှိ ဖြစ်သူ မစ္စတာထန်ယင်းတို့ တက်ရောက်ခဲ့ကြသည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာသံတမန် မစ္စတာဝမ်ယင်ဖန်း၏ လက်ထောက်အရာရှိဖြစ်သူ မစ္စတာထန်ယင်းက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်အမြန်ဆုံး ရေးထိုးသင့်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကို အကြံပြု ပြောဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List