Tuesday, July 29, 2014

လိုင်ဇာညီလာခံတတိယနေ့တွင် ကုလနှင့် တရုတ်ကိုယ်စားလှယ် တက်ရောက်


လိုင်ဇာမြို့တွင်ပြုလုပ်လျက်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့၏ ထိပ်သီး အစည်းအဝေး တတိယနေ့သို့ ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ အထူးကိုယ်စားလှယ်အဖွဲ့ များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

NCCT ထိပ်သီးအစည်း အဝေးတတိယနေ့ မွန်းလွဲပိုင်းအစီ အစဉ်တွင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာ ဘီဂျေနမ် ဘီးယားနှင့်အဖွဲ့၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာအထူး အကြံပေးအဖွဲ့မှ မစ္စတာတန်ယန်းနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

NCCT ထိပ်သီးအစည်း အဝေးသို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန် ကီမွန်းကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။ ကုလအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားက နှုတ်ဆက်အမှာစကား ပြော ကြားခဲ့သည်။

‘‘တစ်နိုင်ငံလုံးရဲ့ရှေ့ရေးကို ဒီဆွေးနွေးပွဲကနေ အကောင်းဆုံး ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်’’ဟု မစ္စတာဘန်ကီမွန်းက သဝဏ်လွှာပေးပို့သည်။

အစည်းအဝေးတွင် တရုတ် နိုင်ငံမှ ကိုယ်စားလှယ်မစ္စတာတန်ယန်းက ၎င်း၏မြန်မာအမည်မှာ ထွန်းလွင် ဖြစ်ပြီး အစည်းအဝေးသို့တက်ရောက်ရန် စီစဉ်ထားသည့်တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ယိဖန်း မတက်ရောက်နိုင်၍ ကိုယ်စားတက်ရောက်ခြင်းဖြစ် ကြောင်း နှုတ်ဆက်အမှာစကား ကိုမြန်မာဘာသာဖြင့် ပြောကြားခဲ့ သည်။

တရုတ် အထူးကိုယ်စားလှယ်က ၎င်းတို့နိုင်ငံတွင် နိုင်ငံ ရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ် ခဲ့ပြီးနောက် တရုတ်နိုင်ငံသားများအနေဖြင့် တည်ငြိမ် အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ခံစား နေပြီဖြစ်ကြောင်းဆက်လက်ပြောသွားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တည်ငြိမ်မှုရှိရမည်ဖြစ်ပြီး မြန်မာ နိုင်ငံအနေဖြင့် နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းနိုင်သေးဘဲ စီးပွားရေးတိုးတက်မှုနည်းကွေးနေကြောင်း တရုတ် အထူးကိုယ်စားလှယ်က ပြောကြားသည်။

‘‘အမှန်အတိုင်းပြောမယ်ဆို ရင် တစ်ကမ္ဘာလုံးလည်း တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ပြောမယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့အရှိန်ဟာ နှေးကွေးနေပါတယ်။ နောက်ကျနေပါတယ်။ အဲဒါကို ကျွန်တော်တို့မလိုလား ပါဘူး။ အိမ်နီးချင်းအနေနဲ့ ကျွန်တော်တို့မလိုလားပါဘူး’’ဟုဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လိုအပ်ချက်များရှိပါက အတတ်နိုင်ဆုံးကူညီ ပံ့ပိုးပေးသွားမည်ဟု တရုတ် နှင့်ကုလအထူး ကိုယ်စားလှယ်များကဆိုသည်။

NCCT ထိပ်သီးအစည်း အဝေးသည် ဇူလိုင် ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ဇူလိုင် ၂၉ ရက် တွင် NCCT အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသားအဖွဲ့များဖြင့် ညီလာခံဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

7Day News Journal 

No comments:

Post a Comment

My Blog List