Thursday, July 31, 2014

လက်ရှိသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်လက်ထက်တွင် အပစ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်လိုသော်လည်း နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာကို အပေါ်ယံဖြေရှင်းမရ၍ ခိုင်မာမှုရှိရန်လိုဟု NCCT ပြောကြား



လက်ရှိသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်လက်ထက်တွင် အပစ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ချင်သော်လည်း နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာကို အပေါ်ယံဖြေရှင်းလို့မရ၍ ခိုင်မာမှုရှိရန်လိုဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။
ကချင်ပြည်နယ် လိုင်ဇာမြို့၌ လေးရက်ကြာပြုလုပ်ခဲ့သည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးနှင့်ပတ်သက်ပြီး ဇူလိုင် ၂၉ ရက် ညပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် သတင်းမီဒီယာများမှတစ်ဆင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား NCCT အဖွဲ့မှ ဒေါက်တာဆလိုင်းက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဆလိုင်းလျန်မှုန်းက "သမ္မတကြီးတို့ ဗိုလ်ချုပ်မှူးကြီးတို့လက်ထက်မှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပစ်အခတ်ရပ်စဲရေးတင်မကဘူး နိုင်ငံရေးဆွေးနွေးပွဲတကယ်လုပ်ချင်ပါတယ်။ ဒီတိုင်းပြည်ရဲ့ နှစ် ၆၀ ကျော်ပြဿနာကို တကယ်ပဲဖြေရှင်းဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါတယ်။ သို့သော် ဒီနက်ရှိုင်းလွန်းနေတဲ့ပြဿနာကို ကျွန်တော်တို့ အပေါ်ယံဖြေရှင်းလို့မရဘူး။ ဘက်ပေါင်းစုံကနေ ပြင်ဆင်ဖို့လိုတယ်။ ဘက်ပေါင်းစုံကနေ ချဉ်းကပ်ဖို့လိုတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။

"မနေ့တစ်နေ့ကမှဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကြောင့် ဒုက္ခသည်ဖြစ်နေတဲ့ ဒုက္ခသည်စခန်းတွေအများကြီးရှိတယ်။ ဒီလူတွေဘယ်ကိုပြန်မှာလဲ။ ကျွန်တော်တို့စကားပြောပြီးတော့ လက်မှတ်ချုပ်ဆိုပြီးတော့ ဒီလူတွေပြန်ဖို့အတွက်ကိုရော ကျွန်တော်တို့စဉ်းစားပြီးပြီလား။ သူတို့ပြန်ဖို့အတွက် အိမ်ရာတွေပြင်ဆင်ပြီးပြီလား။ သူတို့အလုပ်အကိုင်အတွက် ကျွန်တော်တို့ပြင်ဆင်ပြီးပြီလား။ သူတို့စားဝတ်နေရေး၊ ကလေးတွေပညာရေး၊ ကျန်းမာရေး ကျွန်တော်တို့ ဒါကိုမစဉ်းစား ဘဲနဲ့ စာချုပ်တစ်ခုတည်းကိုပဲစဉ်းစားပြီးတော့ အပေါ်ယံစာချုပ်ချုပ်၊ ဒီကနေ့အပစ်အခတ်ရပ်စဲရေးလုပ်၊ မနက်ဖြန်ပျက်သွား အဲ့ဒါမျိုးကျွန်တော်တို့မလိုချင်ဘူး။ ကျွန်တော်တို့ချုပ်ဆိုမယ့်စာချုပ်က ခိုင်မာတဲ့စာချုပ်ဖြစ်ချင်တယ်" ဟု ဒေါက်တာဆလိုင်း လျန်မှုန်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြားဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ သာမက ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာပြဿနာများစွာအပြင် ဘာသာရေး၊ ယဉ်ကျေးမှုကိစ္စနှင့် တိုင်းရင်းသားများ နှစ်ပေါင်းများစွာဆုံးရှုံးနေရသည့် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားသင်ကြားမှု ကိစ္စများလည်း ဖြေရှင်းရန်ရှိနေသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်စဲရေးဆောင် ရွက်ရန် ၂၀၁၁ ခုနှစ် သြဂုတ်အတွင်းက စတင်ကမ်းလှမ်းခဲ့ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ဆွေးနွေးဘက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့အနက် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးများ ဆောင် ရွက်နိုင်ခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်လက် မှတ်ရေး ထိုးမှုကို အမှန်တကယ်ဖြစ်ချင်ကြောင်း၊ လက်ရှိအချိန်သည် ပြည်တွင်းငြိမ်းချမ်းရေးကို ဖန်တီးရန် အခြေအနေ အချိန်အခါကောင်းဖြစ်ကြောင်း၊ အစိုးရ၊ တိုင်းရင်းသား၊ ပြည်သူများအားလုံးလိုလားနေသည့် ငြိမ်းချမ်းရေးကို လက်ရှိ အစိုးရလက်ထက်တွင် ရရှိမည်ဟုမျှော်လင့်ကြောင်း၊ အကယ်၍မရပါကလည်း နောက်အစိုးရနှင့် ဆက်လက်ဆွေးနွေးရန် တိုင်းရင်းသားများဘက်က အဆင်သင့်ရှိသည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းကဆိုသည်။

"သူတို့လက်ထက်မှာပဲ ငြိမ်းချမ်းရေးကို ကျွန်တော်တို့လုပ်ချင်တယ်။ အကယ်လို့ မဖြစ်ခဲ့သည်ရှိသော် မဖြစ်ပါစေနဲ့လို့ဘဲ ဆုတောင်းတယ်။ ဖြစ်ခဲ့သည်ရှိသော် နောက်တက်လာမယ့် အစိုးရကလည်း ဒီမိုကရေစီကျင့်စဉ်တရားအရ ရွေးကောက် ပွဲနဲ့တက်လာမယ့် အစိုးရဖြစ်ဖို့မျှော်လင့်တယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List