Friday, August 01, 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု မင်းသိင်္ခ၏ ဟောကိန်း ဗေဒင်ပညာရပ်အရ မှန်ကန်ကြောင်း ပညာရှင် အများစုဆို



မြန်မာနိုင်ငံ၏ နာမည်ကျော် ဂမ္ဘီရပညာရှင် မင်းသိင်္ခ အင်းစိန်ထောင်၌ အကျဉ်းကျခံနေစဉ်က ဟောပြောခဲ့သော ၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် ရရှိမည်ဟူသော ဟောပြောချက်မှာ ဗေဒင်ပညာ ရှုထောင့်မှ မှန်ကန်ကြောင်း ပညာရှင်အများစုက ပြောကြားခဲ့သည်။
ဇူလိုင်လ ၃၁ နေ့တွင် ဈေးကွက်အတွင်း ဖြန့်ချိသော မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် မောင်သွေးသစ်၏ “ရှစ်လေးလုံး ၂၆ နှစ် နှစ်ပတ်လည်နှင့် ဆရာမင်းသိင်္ခ ဟောကိန်း” ဆောင်းပါးတွင် ၈၈ အရေးအခင်းကာလ လှုပ်ရှားမှုများ၊ အင်းစိန်ထောင်တွင်း နေထိုင်ရစဉ်က အခြေအနေများနှင့် အင်းစိန်ထောင် သီးသန့် အထူးစစ်ကြောရေး စခန်းတွင် စစ်ဘက် ရဲဘက်အရာရှိကြီးများက ဆရာမင်းသိင်္ခကို အထက်မှ ညွန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇာတာအရ ၂၀၁၄ ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ဇူလိုင်လအထိ အညံ့ပိုင်းအတွင်းသို့ ရောက်ရှိနေပြီး အတိုက်အခံများမည် ဖြစ်သော်လည်း ၂၀၁၅ ဇူလိုင်မှ ၂၀၁၆ သြဂုတ်လ အတွင်းတွင် ဘဝတစ်လျှောက် ကံဇာတာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး တိုင်းပြည်အတွက် အရေးကြီးသော နေရာသုံးခု၊ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာများမှ တစ်ခုကို ဆက်ခံရဖွယ် ရှိကြောင်း နာမည်ကျော် ဗေဒင်ပညာရှင် ဦးဇေယျာကိုက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတရာထူး ရရှိမည်ဟူသော ဟောကိန်းမှာ မင်းသိင်္ခ၏ ဆရာ မိုးဒါး ဦးထွန်းရှိန်၏ တပည့်အများစုက လွန်ခဲ့သော နှစ်၂၀ ခန့်က ဟောကိန်း ထုတ်ခဲ့ကြကြောင်းနှင့် မိမိအမြင်အရဆိုလျှင် ဗေဒင်ပညာအရ မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်ကြောင်း ဗေဒင်ပညာရှင် သိပ္ပံဦးစိုးတင့်က ပြောဆိုလိုက်သည်။

“ကျွန်တော် ပုဒ်ထီးတွေ၊ ပုဒ်မတွေ မသိဘူး။ ကျွန်တော် ပြောချင်တာကတော့ ဗေဒင်ပညာအရ ဒီဟောကိန်းက မှန်မယ် ဆိုတာပါပဲ” ဟု ၎င်းကဆိုသည်။

မိမိအနေနှင့် အဆိုပါ ဟောကိန်းကို ထောက်ခံကြောင်း FM ရေဒီယိုများတွင် ပုံမှန်ပါဝင် တင်ဆက်နေသော နာမည်ကျော် ဗေဒပညာရှင်တစ်ဦးက ဆိုလိုက်သည်။

ဒီမိုကရေစီတိုင်းပြည်၏ အချုပ်အခြာမှာ ပြည်သူလူထုထံမှသာ ဆင်းသက်လာခြင်း ဖြစ်သည့်အတွက် ပြည်သူများက လိုလားစွာ တကယ်တင်မြှောက်လိုတဲ့ သူကိုသာ တင်မြှောက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်မည်ဟု မိမိထင်မြင်ကြောင်း၊ ၅၉ (စ) လုံးနှင့် ပတ်သက်ပြီး ၂၀၁၅ အချိန်မီ ပြင်နိုင် မပြင်နိုင်မှာ ပြည်သူများ၏ စိတ်အားထက်သန်မှု၊ လုံ့လဝီရိယရှိမှု၊ လုပ်ရည်ကိုင်ရည် ကောင်းမွန်မှုတို့ အပေါ်တွင်သာ မူတည်ကြောင်း ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့် အချိန်ခန့်က ယခုကဲ့သို့ ဟောပြောခဲ့ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည်ဟု မကြေညာရသေးခင် နှစ် ၂၀ ခန့်စောက ဟောကိန်း ထုတ်နိုင်ခဲ့သဖြင့် မှန်ကန်မည်ဟု ထောက်ခံသူများ ရှိသလို အခြေခံဥပဒေ ၅၉ (စ) လုံးအရ မဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုသူများ ရှိနေသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တွင် မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ မပါကြောင်း၊ မီဒီယာနှင့် နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခု အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းထောက်ခံမှုရှိရုံဖြင့် သမ္မတ မဖြစ်နိုင်ကြောင်း၊ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်ကြောင်း ဘဲလားလေဘာတီ (Astro-Political Scientist) က ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List