Saturday, August 02, 2014

ထိုင်ဝမ်တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ၊ လူ ၂၄ ဦး သေဆုံး၊ ၂၇၀ ဒဏ်ရာရ


ထိုင်ဝမ်တောင်ပိုင်းမြို့ ဖြစ်သော ကောင်းရှုံ (Kaohsiung) မြို့တွင် ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူ ၂၄ ဦး သေဆုံးသွားပြီး ၂၇၀ ခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်ရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း ဓာတ်ငွေ့ပိုက်လိုင်း ကျိုးပေါက်မှုများကြောင့် ဖြစ်ရခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြကြသည်။

ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် အခင်းဖြစ်ပွားသည့် နေရာတွင် မီးလောင်နေပုံများ၊ ဇောက်ထိုးဖြစ်နေသော ကားများ၊ အပျက်အစီးများဖြင့် ဖုံးလွှမ်းနေသော အလောင်းများ၊ မော်တော်ကားလမ်းများ နှစ်ခြမ်းကွဲသွားခြင်း စသည့် ဓာတ်ပုံများကို တွေ့ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြာထားသည်။

အဆိုပါ ဓာတ်ငွေ့ ပေါက်ကွဲမှုသည် ကြာသပတေးနေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးလုံးကြီးများ လေထဲ သို့ လွင့်ပျံ တက်သွားကြသည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။

မီးလောင်မှုသည် အထပ် ၂၀ တိုက် အမြင့်လောက်အထိ မြင့်တက်သွားကြောင်း မျက်မြင်သက်သေ တစ်ဦး က ပြောကြားသည်။

ဒေသခံမီးသတ်ဌာနက ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်နေသည်ဟူသော ဖုန်းဖြင့်အကြောင်းကြားမှုကို ကြာသတေး နေ့ နှောင်းပိုင်းကရရှိခဲ့ပြီး ညဥ့်သန်းခေါင်းယံအချိန်တွင် ဓာတ်ငွေ့ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား ခဲ့ကြောင်း၊ ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိသည့် ဧရိယာမှာ သုံးစတုရန်း ကီလိုမီတာခန့် ရှိကြောင်း ထိုင်ဝမ်အမျိုးသား မီးသတ်အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု ဓာတ်ငွေ့ ပေါက်ကွဲသည့် ပမာဏမှာ အလွန်ကြီးမားသောကြောင့် အခြေအနေကို ချက်ချင်းကိုင်တွယ် ထိန်းသိမ်းရန် မလွယ်ကူကြောင်း၊ ပေါက်ကွဲမှုကြောင့် လှိုင်ခေါင်းကြီး တစ်ခုကဲ့သို့ ကြီးမားသည့် အပေါက်ကြီး ဖြစ်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးဖြစ်သူ ချန်က ပြောကြားသည်။

ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဧရိယာအတွင်း နေထိုင်သူများကို ကျောင်းများသို့ ပို့ဆောင် ကယ်ဆယ် ထားရပြီး မီးလောင်ကျွမ်းမှု အများစုမှာ သောကြာနေ့ နံနက်ပိုင်းတွင် ငြိမ်းသွားခဲ့သည်။

ကောင်းရှုံ မြို့တော်ဝန် ချန်ချုက သူမ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် တရုတ်ဘာသာဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း ရေးသားထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List