Friday, August 01, 2014

"မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ၏ သတင်းထုတ်ပြန်ချက် (၁.၈.၂၀၁၄)"


၁။ လက်ရှိကြုံတွေ့နေသော မီဒီယာကဏ္ဍဆိုင်ရာ ပြဿနာများ၊ အခက်အခဲများ၊ အားလုံးနှင့် ပတ်သက်၍ အထူး သဖြင့် အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံနေရမှုများကို တရားစီရင်ရေး ကဏ္ဍ၏ လွတ်လပ်စွာ ဆောင် ရွက်နိုင်မှု အားမထိခိုက်စေသော နိုင်ငံတော် သမ္မတ ၏ လုပ်ပိုင်ခွင့် အတွင်းမှ မီဒီယာသမားများ နစ်နာမှု မရှိစေရန် ဥပဒေ ကြောင်းအရ မျှတစွာ ဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော် သမ္မတ နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ကိုယ်စားလှယ်များ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ က အလေးအနက် ပြောကြားပါသည်။

၂။ တွေ့ဆုံကြရာတွင် သတင်းမီဒီယာများ၌ ဖော်ပြရေးသား ထုတ်လွှင့်မှုများနှင့် ပတ်သက်၍ အငြင်းပွား မှုများ၊ ပြဿနာ များ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်မျာူး အနေဖြင့် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီအား ( Mediator Role) အဖြစ် ဦးစွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်စေမည် ဖြစ်ကြောင်း နှင့် ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရ၀န်ကြီးဌာနများက စာနယ်ဇင်း ကောင်စီ နှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက် စေမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ က ပြောကြားပါသည်။

၃။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် စတုတ္ထ မဏ္ဍိုင် (မီဒီယာ) တို့ အကြား တာဝန်ဝတ္တရား နှင့် ကျင့်ဝတ်စည်းကမ်းများကို အပြန်အလှန် နားလည်စေမှု နှင့် နိုင်ငံသား အားလုံး၏ သတင်းသိပိုင်ခွင့် ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲများ ကျင်းပသွားရန် နိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့နှင့် စာနယ်ဇင်း ကောင်စီတို့အကြား သဘောတူညီမှု ရရှိပါသည်။

၎။ သတင်းမီဒီယာသမားများ၏ သတင်းရယူခွင့်နှင့် ပတ်သက်၍ ၀န်ကြီးဌာနအသီးသီးက အချိန်နှင့် တပြေး ညီ ထိရောက်မှုရှိသော တုန့်ပြန်ပြောကြားမှုများ ရှိလာစေမည့် အစီအစဉ်သစ်တစ်ရပ်ကို အကောင် အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတက ပြောကြားပါသည်။ 

ထိုလုပ်ငန်းစဉ် အကောင်အထည်ပေါ်လာရေးအတွက် စာနယ်ဇင်း ကောင်စီမှလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် ပြဌာန်း ထားပြီး ဖြစ်သော သတင်းမီဒီယာဥပဒေနှင့် အညီ မီဒီယာအားလုံး လုပ်ငန်းဆောင်ရွက်ခွင့် ရရှိရေးနှင့် သတင်းမီဒီယာနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအား တင်ပြဆွေးနွေးခဲ့ရာ နိုင်ငံတော် သမ္မတက အလေးထား စီမံပေးမည်ဟု ပြောကြားပါသည်။

၆။ (၁.၈.၂၀၁၄) ရက်နေ့က နိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့ တွေ့ဆုံဆွေးနွေးမှုများမှ နိုင်ငံ၌ စတုတ္ထ မဏ္ဍိုင်၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သတင်း မီဒီယာသမားများ ဥပဒေများနှင့်အညီ လုပ်ငန်းတာဝန်ထမ်းဆောင် နိုင်စေရေးတို့အတွက် ကောင်းမွန်သော အခြေခံ သဘောတူညီချက်များ ရရှိခဲ့ပါသည်။

၇။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်သော ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးရဲထွဋ် တို့ တက်ရောက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ကိုယ်စားလှယ်များ အဖြစ် ဦးခင်မောင်လေး၊ ဦးကျော်မင်းဆွေ၊ ဦးသီဟစော၊ ဦးဖေမြင့်၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦး၊ ဦးခင်မောင်ဌေး နှင့် ဒေါ်နန်းကလျာဝင်း တို့ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)

Popular Myanmar News Journal

No comments:

Post a Comment

My Blog List