Saturday, August 02, 2014

အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက လာမည့်လွှတ်တော်တွင် ဥပဒေကြမ်းတင်သွင်းမည်



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်ရေးကော်မတီသည် လာမည့်လွှတ်တော်အချိန်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသွားမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ပြောသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “လာမယ့်လွှတ်တော်ကာလမှာ (ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင် ခံစာကို) ဥပဒေကြမ်းအဖြစ်လွှတ်တော်ကို တင်သွင်းနိုင်ဖို့ စပြီးဆောင်ရွက်နေပါပြီ" ဟု ဆိုသည်။

ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး နောက်ဆုံးရက်အပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “မိမိဖက်ကတော့ ပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်လောက်အထိ ပြီးသွားပြီလဲဆိုတာကို အတိအကျ မပြောနိုင်သေးသော်လည်း လောလောဆယ် လွှတ်တော်ကို တင်ပြနိုင်ဖို့အတွက် ၈ဝ ရာခိုင်နှုန်းခန့်ပြီးနေပါပြီ"ဟု ဆက်လက်ပြောကြားသည်။

အမည်မဖော်လိုသူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ဥပဒေကြမ်းတင်သွင်းပြီးပါက ပြည်ထောင်စုလွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေးခြင်းများပြုလုပ်ကာ ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက် ကြမည်ဟု ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအား ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည်ဟု မျှော်မှန်းရသော ပါတီစုံရွေးကောက်ပွဲမတိုင်မီ ခြောက်လခန့်အလိုတွင် ပြည်ထောင်စုလွှတ်တော်က အပြီးဆောင်ရွက်မည်ဟု သူရဦးရွှေမန်းက ကော်မတီအဖွဲ့ဝင် များအား ညွန်ကြားထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရန် အရေးကြီးအဆိုတစ်ရပ်ကို ပြည်ခိုင်ဖြိုးပါတီ၊ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဝက်လက်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမြင့်က ၂ဝ၁၃ ခုနှစ်၊ ဇွန်လက တင်သွင်းခဲ့ပြီး အဖွဲ့ဝင် ၁ဝ၉ဦးပါ လေ့လာသုံးသပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကိုမူ ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ဆန်းက ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးနန္ဒကျော်စွာဦးဆောင်သည့် အဖွဲ့ဝင် ၃၁ ဦးဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List