Wednesday, July 30, 2014

တရုတ်ကွန်မြူနစ်စ်ပါတီက နိုင်ငံရေးဗျူရို ကော်မတီဝင်ဟောင်း ကျိုးယုံခန်းကို စစ်ဆေး


တရုတ်ကွန်မြူနစ်စ်ပါတီဗဟိုကော်မတီ (စီပီစီ) က အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအတွင်း လက်ရှိ အာဏာရပါတီရဲ့ နိုင်ငံရေးဗျူရို ကော်မတီအဖွဲ့ဝင်ဟောင်း ကျိုးယုံခန်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဇူလိုင် ၂၉ ရက်နေ့က ကြေညာပါတယ်။

စီပီစီရဲ့ စည်းမျဉ်းစစ်ဆေးရေးအဖွဲ့ (စီစီဒီအိုင်) က သူကို ပြင်းထန်တဲ့ စည်းကမ်း ချိုးဖောက်မှုတွေနဲ့ စစ်ဆေးမယ်လို့ ဆိုပါတယ်။ အသက် ၇၁ နှစ်အရွယ် ကျိုးဟာ အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံရတဲ့သူတွေ ထဲမှာ ၀ါအရင့်ဆုံး နိုင်ငံရေးသမား ဖြစ်ပါတယ်။

လုံခြုံရေးအဖွဲ့အကြီးအကဲ တာဝန်သက်တမ်း ၅ နှစ်အတွင်း ပြည်တွင်း လုံခြုံရေးအတွက် အစိုးရရဲ့ အသုံးစရိတ်က ကာကွယ်ရေးအသုံးစရိတ်ကို ကျော်လွန်ခဲ့ပါတယ်။

ဒါပေမယ့် သူကတော့ အင်အားသိပ်ကြီးလာပြီး ၂၀၁၂ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ သြဇာ ကျဆင်းခဲ့ပါတယ်။

တရုတ်ထိပ်တန်းခေါင်းဆောင်တွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအတွင်း ရာထူးထိပ်တန်းတွေနဲ့ ရာထူးနိမ့်သူတွေ လူတန်းစား ၂ ရပ်လုံးကို ဦးတည်ထား ဖြေရှင်း သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

တရုတ်သမ္မတ ရှီကျင်ပင်းဟာ စီပီစီရဲ့ဗဟိုကော်မတီ အတွင်းရေးမှူးတာဝန်ကို စယူတဲ့ ၂၀၁၂ နိုဝင်ဘာလ ကတည်းက အဂတိလိုက်စားမှုဟာက ပါတီရဲ့ ရှင်သန်မှုကို ခြိမ်းခြောက်နေတယ်လို့ ပြောရင်း ပါတီ တခုလုံး သတိအပြည့်ထားဖို့ ဆော်သြခဲ့တာ ဖြစ်ပြီး ပါဝင် ပတ်သက်သူ ဘယ်သူကိုမဆို သက်ညှာမှု မထားဘဲ ခြွင်းချက်မရှိ အရေးယူမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

တရုတ်အစိုးရအဖွဲ့ထဲက ကျားကြီးလို့ တင်စားတဲ့ သူလိုလူကို ခုလို အရေးယူမှုဟာ ပါတီအဖွဲ့ဝင်တွေနဲ့ အကျင့်ပျက် အရာရှိတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

၂၀၁၂ နိုဝင်ဘာကနေ ခုထိ ခရိုင်နဲ့ ၀န်ကြီးဌာနအဆင့် အရာရှိအယောက် ၄၀ လောက်လည်း စုံစမ်း စစ်ဆေးခံနေရတယ်လို့ စီစီဒီအိုင်ရဲ့ အင်တာနက်စာမျက်နှာက ဆိုပါတယ်။

အရင်လကလည်း တရုတ်ဗဟိုစစ်ကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ ရွှီးချိုင်ဟိုဟာ လာဘ်စားမှုနဲ့ အစိုးရအဖွဲ့က ထုတ်ပယ်ခံခဲ့ရပြီး တရားရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း နိုင်ငံရေးအတိုင်ပင်ခံညီလာခံ အမျိုးသားကော်မတီရဲ့ ဒုဥက္ကဋ္ဌ စူးရုံကို စုံစမ်း စစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ ပါတယ်။

DVB

No comments:

Post a Comment

My Blog List