Thursday, July 31, 2014

+၉၅၉ ဖြင့် စသည့် နံပါတ်များ ပြည်ပဖုန်းများသို့ မက်ဆေ့ခ်ျ ပေးပို့နိုင်ရန် စမ်းသပ်နေ



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှု ပေးနေသော မိုဘိုင်းဖုန်းများမှ တဆင့် ပြည်ပနိုင်ငံများရှိ မိုဘိုင်းဖုန်းများထံ အပြန်အလှန် SMS (မက်ဆေ့ခ်ျ) ပေးပို့ခြင်းများ အသုံးပြုနိုင်ရန်အတွက် +၉၅၉ ဖြင့် စသည့် နံပါတ်များဖြင့် စမ်းသပ် အသုံးပြုနေသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှုး ဦးအောင်ကျော်သက်က မဇ္ဈိမကိုပြောသည်။
ဇူလိုင် တတိယပတ်အတွင်းက စတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းများသည် ဖုန်းခေါ်ဆိုမှုနှင့် Short Message Service (SMS) ပေးပို့ရာတွင် +၉၅၉ xxxxxxxx ] နံပါတ်ဖြင့် ရောက်ရှိလာသည်ဟု မိုဘိုင်းဖုန်းအသုံးပြု သူများက ဆိုပြီး ထိုသို့ဖြစ်ပေါ်ခြင်းသည် ပြင်ပနိုင်ငံရှိ မိုဘိုင်းများနှင့် SMS ပေးပို့နိုင်ရေးအတွက် စမ်းသပ်ခြင်းဖြစ် သည်ဟု ဦးအောင်ကျော်သက်က ပြောသည်။

ဦးအောင်ကျော်သက်က “ ပြည်တွင်းကနေ ပြည်ပနိုင်ငံတွေကို SMS ပေးပို့ပြီးဆက်သွယ်နိုင်ဖို့အတွက် စမ်းသပ်နေ တာတွေ ရှိတယ်။ အဲဒါကြောင့် မိုဘိုင်းဖုန်းတွေမှာ +၉၅၉ xxxxxx နံပါတ်တွေနဲ့ SMS ရောက်တာပါ။ အဲဒီ +၉၅၉ xxxx နံပါတ်ကိုပဲ SMS ပြန်လည်ပေးပို့ပြီး အသုံးပြုလို့လည်း ရပါတယ် ” ဆိုသည်။

ကမာရွတ်မြို့နယ်မှ မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးဖြစ်သည့် ကိုနေထူးက “ခုတလော မိုဘိုင်းဖုန်းတွေမှာ မက်ဆေ့စ်ရောက် လာရင် +၉၅၉ xxxxx နံပါတ်တွေနဲ့ပေါ်နေတယ်။ အဲဒီဖုန်းနံပါတ်ကို Contact list ထဲမှတ်ထားရင်တောင် မှတ်ထားတဲ့ နာမည်နဲ့ မပေါ်ဘူး” ဟု ပြောသည်။

မိုဘိုင်းခေါ်ဆိုမှုတွင် +၉၅၉ xxxxx နံပါတ်များဖြင့် ဖြစ်ပေါ်နေခြင်းသည် စမ်းသပ်ဆဲကာလဖြစ်သည့် အတွက် မိုဘိုင်းလိုင်း အချို့၏ ဖုန်းခေါ်ဆိုမှုများတွင်ပါ ဖြစ်ပွားရခြင်းဖြစ်ပြီး အဆိုပါ ခေါ်ဆိုမှုကို ပြည်ပနိုင်ငံများသို့ ခေါ်သည့် နှုန်းဖြင့် ကောက်ခံသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းမှာ မဟုတ်ဘဲ ပြည်တွင်းဖုန်းခေါ်ဆိုခ အတိုင်းသာ ကောက်ယူခြင်းဖြစ်သည်ဟု ဦးအောင်ကျော်သက်က ဆိုသည်။

ပြင်ပနိုင်ငံများနှင့် SMS ပေးပို့နိုင်ရန် စမ်းသပ်ခြင်းသည် နိုင်ငံတကာမှ အော်ပရေတာများ ၊ ပြည်တွင်း အော်ပရေ တာများ၏ မိုဘိုင်းကွန်ယက်နှင့် ချိတ်ဆက်မိစေရန်အတွက် နိုင်ငံတကာ စည်းမျဉ်စည်းကမ်း အတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“ဒါက အခြားအော်ပရေတာတွေနဲ့ တညီတည်းဖြစ်အောင်၊ International Regulator တွေနဲ့ တူညီအောင် စမ်းသပ်ခြင်းဖြစ်ပါတယ် ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းများဖြင့် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အော်ပရေတာ ၆၄ ခု၏ မိုဘိုင်းဖုန်းများနှင့် Roaming စနစ်ဖြင့် ဖုန်းခေါ်ဆို အသုံးပြုခွင့်ရရှိ ထားပြီဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List