Friday, August 01, 2014

ဘယ်သူ့အတွက် ထီထိုးမှာလဲ










မြန်မာနိုင်ငံတစ်ဝန်း လဆန်းတစ်ရက်နေ့ ရောက်တိုင်း ထီဝါသနာအိုးတို့၏ အမြင့်ဆုံး အိပ်မက်တန်ကြေးမှာ ကျပ်သိန်း ၁၅၀၀ ဖြစ်သည်။အရင်းက အနည်းဆုံးတစ်စောင် ကျပ်သုံးရာနှင့် အထက်ရှိသည်။ ယိုးဒယား (ထိုင်း) ချဲထီကဲ့သို့ တစ်လနှစ်ကြိမ်၊ နှစ်လုံးထီကဲ့သို့ ရုံးဖွင့်ရက်တိုင်း မရှိသော်လည်း မြန်မာ့လွတ်လပ်ရေးထက် အသက်ပိုကြီးသည့် အောင်ဘာလေထီကို ယနေ့ထိထိုင် စွဲစွဲမြဲမြဲ ကံစမ်းနေကြဆဲ ဖြစ်သည်။

အောင်ဘာလေ ထီဖွင့်လှစ်ရခြင်းမှာ နိုင်ငံတော်က တစ်ဖက်တစ်လမ်းမှ အခွန်ရရှိရန်နှင့် ပြည်သူများအတွက် ဖျော်ဖြေရေး အသုံးပြု၍ ငွေပိုငွေလျှံ ရရှိစေရန် ကံစမ်းသည့်နည်းဖြင့် ဖြေရှင်းခြင်း ဖြစ်သည်။

အစိုးရက ရည်ရွယ်သည့် ပြည်သူများ ငွေပိုငွေလျှံ ရရှိစေလိုခြင်းကြောင့် ထီဖွင့်ပေးခြင်းဆိုသည့် အချက်က ပြည်သူ့အတွက် အမှန်တကယ် အကျိုးပြုပါရဲ့လား ဆိုသည်ကမူ ဓားထမ်း တုတ်ထမ်း၍ ငြင်းရမည့် အခြေအနေ။

အစိုးရဈေးဖြင့် မရ

အဓိကပြဿနာမှာ အစိုးရထုတ် ထီဈေးနှင့် ပြည်သူလက်ထဲရောက်သည့် ထီဈေးမှာ ကွာခြားလွန်းခြင်း ဖြစ်ပြီး လောင်းကစားကြောင့် မည်သူတွေ အကျိုးရှိ၍ မည်သူတွေ အထိနာနေရသည်က စိတ်ဝင်စားစရာ။ ထီလက်လီ ရောင်းချသူအချို့ကမူ ထီဈေးများ ကြီးမြင့်ရခြင်းသည် အစိုးထံမှ အဆင့်ဆင့် လက်လွှဲယူ၍ ရောင်းချရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဈေးကွက်ရောင်းဈေးက ထီတစ်စောင်လျှင် ကျပ်သုံးရာဟု ဆိုသော်လည်း အက္ခရာနှင့် နံပါတ်ပေါ် မူတည်၍ ထိုထက်ပိုသော ဈေးနှုန်းများဖြင့် ရောင်းချခြင်းများ ရှိကြောင်း ရန်ကုန်မြို့ ထီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ နံပါတ် (၅)၊ (၇)၊ အပူးနှင့်စသော ထီစောင်ရေ ၃၀ ပါ တစ်အုပ်လျှင် ၈၆၀၀ ကျပ်မှ ၉၇၀၀ အထိ ဈေးရှိကြောင်း ထီဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

အစိုးရထုတ် ထီဈေးသည် တစ်စောင် ၂၀၀ ကျပ်၊ ပြည်သူများ ဝယ်ယူနေရသည်က တစ်စောင် ၃၀၀ ကျပ်။

ယခုကဲ့သို့ ဈေးနှုန်းကွာဟချက် ကြီးမားနေရသည်မှာ ဈေးကွက်စီးပွားရေး သဘောအရသာ ဖြစ်သည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေထီ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က အကြောင်းပြသည်။ 
“အဲဒါကြီးကို ငါတို့ထိန်းလို့ မရဘူး။ ဈေးကွက်ကိုထိန်းရင် မှောင်ခိုပေါ်လာမယ်။ အဲဒါကို ကုစားဖို့ ထီစောင်ရေ တိုးထုတ်ဖို့ အစီအစဉ် ရှိတယ်။ e-Lottery လုပ်ဖို့လည်း စီစဉ်နေတာတွေ ရှိတယ်။ အခု ၂၀၇ ကြိမ်မြောက်မှာ ထီဆုတွေ တိုးလိုက်တာကလည်း အရင်လုပ်နေတဲ့ မင်္ဂလာစုံတွဲစနစ်က ထီလုပ်ငန်း လုပ်ကိုင်နေသူတွေ အကျိုးအမြတ် များနေတယ်လို့ ယူဆတာလည်း ပါတယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း သက်တော်ရှည် လောင်းကစား လုပ်ငန်းသည် ဤမျှ မရိုးရှင်း။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်၍ အောင်ဘာလေထီ ဌာနသည် ထီအက္ခရာကို ၃၆ လုံး (က မှ ကဂ အထိ) ထုတ်ဝေနေရာမှ ဧပြီလ ၁ ရက်နေ့တွင်မူ အက္ခရာ ၃၀ လုံး (က မှ သ အထိ) သာ ထုတ်ဝေခဲ့သည်။ ယင်း၏ အကျိုးဆက်မှာ ထီဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်သည်ဟု သာကေတမြို့နယ်မှ လစဉ် သိန်းရာဂဏန်းနီးပါး လက်လီရောင်းချနေသည့် ထီလက်လီ ရောင်းချသူ ဦးစိုးသိန်း (အမည်လွှဲ) က ပြောကြားသည်။ 

“ထီဈေးဆိုတာ အက္ခရာများလေ၊ ကျလေပဲ။ ထီက ဝယ်လိုအား များနေတာတောင် လျှော့ထုတ်နေမှတော့ ထီဈေးက ကြီးပြီးရင်း ကြီးနေမှာပဲ” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

မော်တော်ယာဉ်ငယ်များဖြင့် နယ်လှည့်ရောင်းသည့် ထီများနှင့် ထီကိုယ်စားလှယ်ကြီးများက လူကြိုက်များသော ထီနံပါတ်များစီ၍ ရောင်းချခြင်းသည် ပိုမို ဈေးကြီးလျက်ရှိကြောင်း လှိုင်သာယာမြို့နယ်မှ လက်လီထီ ရောင်းချသူ ဦးသန်းထွန်းက ဆိုသည်။ 

“လက်လီသမားတွေ အတွက်တော့ အနည်းဆုံး ၃၀၀- ၃၅၀ ကျပ်ရမှ ရောင်းနိုင်မယ်။ သူတို့က (ကိုယ်စားလှယ်ကြီးများ) ထီ ရှိမရှိပေါ် မူတည်ပြီး ဈေးက တက်သွားတာပဲ။ လကုန်ခါနီး မကုန်ရင်တော့ ထီဈေးက ကျတတ်တယ်” ဟု ၎င်းကဆိုသည်။

အောင်ဘာလေထီများသည် သင်္ကြန်ကာလများနှင့် မိုးတွင်းကာလ ဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ကျောင်းသားများ ကျောင်းအပ်ရခြင်း၊ လယ်သမားများ လုပ်ငန်းခွင် ဝင်သောကြောင့် သွင်းအားစု စရိတ်အတွက် ငွေကြေး ပိုသုံးရခြင်းနှင့် နေ့စားအလုပ်သမားများ ဝင်ငွေနည်းခြင်းကဲ့သို့ ဖြစ်ရပ်များကြောင့် ရောင်းအားကျလေ့ ရှိပြီး ဝယ်လိုအားပေါ် ချိန်ဆ၍ ထုတ်ဝေရကြောင်း အောင်ဘာလေထီ ဌာနခွဲထံမှ သိရသည်။

မျှော်လင့်ချက် ကစားကွင်း

အောင်ဘာလေထီ ရောင်းချမှုပုံစံက ခေတ်အလိုက် ပြောင်းလဲမှု များစွာရှိသည်။ ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက်က ထီအုပ်များပေါ်တွင် မော်ဒယ်လ်အမျိုးသမီးများ၏ မပေါ့်တပေါ် ရုပ်ပုံများဖြင့် လူစိတ်ဝင်စားမှု ရစေရန် ရိုက်နှိပ်၍ ရောင်းချခဲ့သည်။ ကာလအတန်ကြာ ရောင်းအား ကောင်းခဲ့သော်လည်း ယနေ့ခေတ်တွင်မူ အဆိုပါရုပ်ပုံများ ရိုက်နှိပ်ခြင်း မရှိတော့ပေ။ 

“တချို့က အဓိဋ္ဌာန်ပြုပြီး ဘုရားစင်ပေါ်မှာ တင်ထားတာမျိုး ရှိတယ်။ အဲဒီတော့ မကောင်းဘူးပေါ့။ ဒါ့ကြောင့် ပြောင်းလိုက်တာ” ဟု ဆူးလေစေတီအနီးရှိ မိုးယံ၊ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်မှ အရောင်းစာရေးမ တစ်ဦးက ဆိုသည်။

ယခင်ကာလက ထီပေါက်သူများကို ထီကိုယ်စားလှယ်ကြီးများက အပိုဆုကြေးငွေနှင့် မော်တော်ယာဉ်ကဲ့သို့ မက်လုံးများ ပေးအပ်ခြင်း၊ ပေါက်သည့်ဆိုင်မှ ထီအရောင်း ကိုယ်စားလှယ်ကို ကိုယ်စားလှယ်ကြီးများက ဆုကြေးငွေများ ပေးအပ်ခြင်း၊ ရောင်းအားကောင်းသည့် ထီကိုယ်စားလှယ်များကို ဆုကြေးငွေနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းများ အပြိုင်လုပ်ဆောင်ကြပြီး လောင်းကစားဆန်သော အောင်ဘာလေထီကို မက်လုံးပေး ဆွဲဆောင်မှုကြောင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အဆိုပါလုပ်ရပ် အားလုံးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၉၄-က) အရ တားမြစ်ခဲ့ရသည်။

သို့သော်လည်း အချို့သော ထီဆိုင်အချို့ကမူ ကွဲပြားသော ဖြစ်ရပ်များကို ပြောပြကြသည်။

“သိန်း ၁၅၀၀ ပေါက်ရင် ပေးတော့ ပေးတယ် ကြားတယ်။ ဒါပေမဲ့ တရားဝင်တော့ ကြေငြာမထားဘူး” ဟု ရန်ကုန်မြို့ ပန်းဆိုးတန်း ကားမှတ်တိုင်အနီး မိုးယံ၊ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်မှ အရောင်းစာရေးမလေးက ဆိုသည်။

ထို့ပြင် သိန်း ၁၅၀၀ ဆုပေါက်သည့် သူများနှင့် အဆိုပါ ထီရောင်းချသည့် ကိုယ်စားလှယ်များကို ပြည်ပဘုရားဖူး ပို့ပေးခြင်းများ ရှိပြီး ထီရောင်းချသည့် ကိုယ်စားလှယ်ကိုမူ သတ်မှတ်နှုန်းထား တစ်ခုဖြင့် ထီလက်မှတ်များ ပြန်လည်ပေးလေ့ရှိကြောင်း မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်မှ ထီယူရောင်းသည့် လှိုင်သာယာမြို့နေ လက်လီထီ ရောင်းသူတစ်ဦးက ပြောကြားသည်။

ထီများကို ခွဲခြားရောင်းချရာတွင်လည်း ကိုးနဝင်းကျေရန် ရည်ရွယ်သည် ဆိုသော ကိုးမျိုးကိုးစောင်၊ ၁၁ မီးငြိမ်းရန် ၁၁ စောင်တွဲ၊ ကံကောင်းစေသည့် ဂဏန်းနံပါတ် ခုနစ်အတွက် ခုနစ်မျိုး ခုနစ်စောင်၊ ဗြောက်သောက် ဂဏန်းများ ပါဝင်သည့် အင်တာနက် စသည်ဖြင့် အမည်အမျိုးမျိုး ပေး၍ တစ်စောင်လျှင် အနည်းဆုံး ကျပ် ၃၀၀ နှုန်းဖြင့် ရောင်းချပြီး ထိုထက်ပိုသော ဈေးနှုန်းများဖြင့် ရောင်းချခြင်းများလည်း ရှိသည်။

ထို့အပြင် အောင်ဘာလေထီ လုပ်ငန်းကို နိုင်ငံရေးတွင် အသုံးချသည်များလည်း ရှိသေးသည်။

ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက် ရွှေဝါရောင် တော်လှန်ရေးကာလ အလွန် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် ထီလက်မှတ် ဈေးနှုန်းများကို တစ်စောင်လျှင် ကျပ် ၁၀၀ မှ ၂၀၀ အထိ မြှင့်တင်ခဲ့ချိန်တွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက အစိုးရကို ဆန့်ကျင်သည့် အနေနှင့် ထီမထိုးရန် လှုံ့ဆော်မှုများလည်း ပေါ်ပေါက်ခဲ့သည်။

တပ်မတော်အစိုးရ လက်ထက်တွင်ပင် နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်များက ငွေမည်းများကို ငွေဖြူလုပ်ရန်နှင့် အခွန်ရှောင်ရန်အတွက် သိန်းဆုကြီး ပေါက်သည့် ထီလက်မှတ်များကို ဆုပေါက်သည့် တန်ကြေးထက် ပိုမိုပေး၍ ဝယ်ယူကာ အခွန်ရှောင်ရန် ကြိုးစားမှုများလည်း ရှိသည်။

ပြည်သူများ၏ သိန်းထောင်ဆု သိမ်းပိုက်ရန် မျှော်လင့်ချက်ဖြင့် ထီထိုးခြင်းသည် စီးပွားရေး လုပ်ငန်းရှင်များအတွက် ကစားကွင်းသဖွယ် ဖြစ်နေတော့သည်။

သူတို့ကြားက လျှို့ဝှက်ချက်

သက်တော်ရှည် လောင်းကစားတွင် ထီလက်မှတ် ဈေးကြီးမြင့်ခြင်း တစ်ခုသာ ပြဿနာ ဖြစ်နေခြင်း မဟုတ်။ အခြားသော ပြဿနာများလည်း ရှိနေသေးသည်။ ယင်းမှာ ထီကိုယ်စားလှယ် ရရန်အတွက် လွန်စွာ ခက်ခဲ့ခြင်း ဖြစ်သည်ဟု ထီရောင်းသူများက ဆိုသည်။

“မင်းပိုက်ဆံရှိရင် ရွှေပဲ ဝယ်လို့ရမယ်။ ထီတော့ လိုသလောက် ဝယ်လို့ရမယ် မထင်နဲ့” ဟု ထီကိုယ်စားလှယ်ယူရန် ခက်ခဲပုံကို ပြောလာသူက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ထီရောင်းချသူ ဦးစိုးသိန်း ဖြစ်သည်။ ယင်းသည်ပင်လျှင် တာဝန်ရှိသူနှင့် ထီကိုယ်စားလှယ်ကြီးများကြား ထားရှိသည့် လျှို့ဝှက်ချက်ပေလော။

ထီလက်မှတ်များကို ရောင်းချရာ၌ ၁၉၃၈ ခုနှစ်ကတည်းက စတင်ခဲ့သည့် ကိုယ်တိုင်တာဝန်ယူ စနစ်ဖြင့် ရောင်းချပေးခြင်းနှင့် ငွေကြိုသွင်းစနစ်ဖြင့် (Payment Order) ဖြင့် ရောင်းချခြင်း ဟူ၍ နှစ်မျိုးရှိကြောင်း အောင်ဘာလေထီ ဌာနခွဲထံမှ သိရသည်။

ပါမစ်စနစ်ဟု အလွယ်တကူ ခေါ်ဝေါ်နေသည့် ကိုယ်တိုင်တာဝန်ယူ စနစ်ဖြင့် ရောင်းချမှုတွင် ထီလက်မှတ်များကို ကိုယ်တိုင်ထုပ်ပိုး ရောင်းချခြင်း၊ ထီလက်မှတ်များကို လက်ကျန်မရှိအောင် ရောင်းချရန် လိုခြင်းနှင့် လစဉ် ဝယ်ယူခြင်းကဲ့သို့ ခံဝန်ချက်များ ရှိသော်လည်း စာချုပ်ချုပ်ဆို၍ ရောင်းချခြင်း မဟုတ်ကြောင်း အဆိုပါ ဌာနခွဲမှ သိရသည်။ ငွေကြိုသွင်းစနစ်တွင်မူ ထီလက်မှတ်အုပ်ရေ ၁၀၀ မှ အုပ်ရေ နှစ်သောင်းအကြား လိုချင်သည့် ပမာဏကို အောင်ဘာလေသိန်းဆု ဌာနခွဲ ရန်ကုန် (ရုံးချုပ်) အရောင်းကောင်တာတွင် ဝယ်ယူနိုင်ပြီး မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ငွေကြိုသွင်းရန် လိုအပ်ကြောင်း၊ သို့သော်လည်း ထီဝယ်ယူသူများ တင်ပြသည့် ပမာဏ၏ ၆ ရာခိုင်နှုန်းကိုသာ ရောင်းချပေးလေ့ ရှိကြောင်း အဆိုပါ ဌာနခွဲထံမှ သိရသည်။

ထီလောကအတွင်း နာမည်ကြီး အရောင်းကိုယ်စားလှယ်ကြီး များသည် အနည်းအကျဉ်း ဝယ်ယူသည့် ထီကိုယ်စားလှယ်များထံမှ တစ်ဆင့် ပြန်လည်ဝယ်ယူ၍ ရောင်းချခြင်း ဖြစ်ကြောင်း အောင်ဘာလေထီ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ဆိုသည်။ 
“ဦးမျိုးညွန့် (မိုးယံ) ဆိုလည်း သူတို့ရတဲ့ ပမာဏက နည်းနည်းလေးပါ။ တကယ့်ကို ရယ်စရာ ပမာဏလေးပါ။ တစ်လကို ထီအုပ်ရေ ၃၀၀၀-၄၀၀၀ လည်း ရချင်ရတာ။ သူက အဲဒါနဲ့ အလုပ်မဖြစ်ဘူးလေ။ ဟိုက လိုက်စု၊ ဒီကလိုက်စုနဲ့ လုပ်နေတာ။ ဘယ်သူက ဘယ်လိုစုလည်း ဆိုတာတော့ ကျွန်တော်တို့လည်း အတိအကျတော့ မသိဘူး” ဟု ၎င်းက ရှင်းပြသည်။ 
အောင်ဘာလေသိန်းဆု ဌာနခွဲ ရန်ကုန် (ရုံးချုပ်) အရောင်းကောင်တာသို့ အနည်းဆုံး ထီအုပ်ရေ ၁၀၀ မှ အများဆုံး သိန်းချီ၍ လာရောက်ဝယ်ယူရန် တင်ပြခြင်းများ ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယင်းသို့သော အနေအထားတွင် ထီအုပ်ရေ သိန်းချီ ပုံမှန်ဝယ်ယူပြီး အမြတ်တင်ကာ ပြန်လည် ဖြန့်ဖြူးနေသည့် ကိုယ်စားလှယ်များလည်း ရှိကြောင်း ဈေးကွက်အတွင်း စွပ်စွဲနေသူများလည်း ရှိသည်။

ထီကိုယ်စားလှယ်ကြီးများနှင့် အောင်ဘာလေထီ ဌာနခွဲမှ တာဝန်ရှိသူများအကြား လာဘ်ပေးလာဘ်ယူမှုကဲ့သို့ ငွေကြေးဆိုင်ရာ ပြဿနာများ ရှိနေသည် ဆိုသည့် လက်လီထီရောင်းသူ အချို့၏ စွပ်စွဲချက်ကိုမူ ဦးသိန်းနိုင်က ငြင်းဆန်သည်။ 
“ကိုယ်စားလှယ်တွေကို လိုင်စင်စနစ်နဲ့ မပေးဘူး။ စာချုပ်မရှိပါဘူး။ တိုင်တဲ့ လူတွေက ထီကုန်သည်ကြီးတွေ လက်ထဲ ရောက်ကုန်တယ် ဆိုပြီး တိုင်ကြတာ ရှိတယ်။ ဒါက ဖြန့်ချိတဲ့စနစ်ကို သေချာမသိလို့ပါ။ ဖြန့်တဲ့လူတွေ သိန်းနဲ့ချီပြီး ရှိပါတယ်။ ငွေကြေးအရှုပ်အရှင်း ဘယ်လိုလုပ် ရှိပါ့မလဲ” ဟု ၎င်းက ရှင်းပြသည်။

သာကေတမြို့နယ်နေ ထီလက်လီ ရောင်းသူကမူ ထီကိုယ်စားလှယ်ကြီးများနှင့် တာဝန်ရှိသူများအကြား ငွေကြေးအရှုပ်အရှင်းများ ရှိနိုင်သည်ဟု The Voice သို့ ပြောသည်။

တန် မတန် မေးခွန်း

ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန၏၊ အောင်ဘာလေသိန်းဆု ဌာနခွဲက ထီလက်မှတ် တစ်စောင်လျှင် ကျပ် ၂၀၀ ဖြင့် ရောင်းချသည်။ အက္ခရာ တစ်လုံးအတွက် အစိုးရက ထီစောင်ရေ ၈၉၉,၉၉၈ စောင်ထုတ်ပြီး အက္ခရာ ၃၀ (က မှ သ အထိ) အတွက် ထီစောင်ရေ ၂၇၀ သိန်းနီးပါး ထုတ်ဝေသည်။

ထီလက်မှတ်များကို လုံခြုံရေးနှင့် ဆိုင်သည့် ပုံနှိပ်ထုတ်ဝေရေးဌာန ဝါဇီက ထုတ်ဝေခြင်း ဖြစ်ပြီး ထီလက်မှတ် တစ်စောင်၏ ထုတ်ဈေးနှုန်းသည် ၃၇ ကျပ်မှ ၄၀ ကျပ်အကြား ရှိသည်ဟု အောင်ဘာလေသိန်းဆု ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ပြောကြားသည်။

ထီရောင်း၍ ရသည့်ငွေမှ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်အတွက် အခွန်အဖြစ် ရယူပြီး ၆၀ ရာခိုင်နှုန်းကိုမူ ပြည်သူများသို့ ဆုကြေးငွေအဖြစ် ပြန်လည် ထုတ်ပေးလျက်ရှိကြောင်း အောင်ဘာလေထီ သိန်းဆုဌာနခွဲက ကြေညာထားသည်။

ထီအက္ခရာ အလုံး ၃၀ အတွက် အစိုးရက ထီစောင်ရေ စုစုပေါင်း သိန်း ၂၇၀ ခန့် ထုတ်ဝေနိုင်ပြီး အစိုးရထုတ်ဈေး တစ်စောင် ၂၀၀ ကျပ် ဖြင့် ဝယ်ယူ၍ မရရှိသောကြောင့် ပြည်သူ့ငွေ ၂၇ ဘီလီယံမှာ ပိုမိုကုန်ကျလျက် ရှိသည်။

ပြည်သူ့ငွေ ၂၇ ဘီလီယံ မည်သည့်နေရာသို့ စီးဆင်းသွားသည်ကလည်း စိတ်ဝင်စားဖွယ် ကောင်းသည်။ ထီကိုယ်စားလှယ်ကြီးများက လက်လီ ရောင်းချမည့် သူများကို ထီတစ်စောင်လျှင် ၇၈ ကျပ်နီးပါး ထပ်တင်၍ ၂၆၀ ကျပ်ဖြင့် ရောင်းချပေးသည်။ အစိုးရထုတ် ထီစောင်ရေသိန်း ၂၇၀ အတွက် ထီကိုယ်စားလှယ်ကြီးများ၏ ဝင်ငွေမှာ ၂၁ ဘီလီယံကျော် ရှိသည်။

သို့သော်လည်း အဆိုပါ အမြတ်ငွေတွင် အလုပ်သမားစရိတ်၊ ဝန်ဆောင်မှု စရိတ်နှင့် လူကြိုက်နည်းသော ရောင်းမကုန်သည့် ထီလက်မှတ် လက်ကျန်များအတွက် စွန့်စားရသည့် စရိတ်များကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိပေ။ အဆိုပါ ကျပ် ၂၁ ဘီလီယံ (ဇယား-၂) သည် အစိုးရက ပြည်သူများသို့ ၆၀ ရာခိုင်နှုန်း ပြန်လည် ထုတ်ပေးသည့် ဆုကြေးငွေအောက် ၈ ဘီလီယံကျော်သာ လျော့နည်းသည့် ပမာဏဖြစ်သည်။

အစိုးရ ထုတ်ဈေးဖြင့် ဝယ်ယူ၍ မရခြင်း၊ ထီကိုယ်စားလှယ်အဖြစ် ထီလက်မှတ် ဝယ်ယူရန် ခက်ခဲခြင်းနှင့် ဈေးကွက်သဘောအရ ထုတ်ဝေသည့် ထီလက်မှတ် အရေအတွက်နှင့် ဝယ်လိုအား မမျှသည့်အခါ ထီလက်မှတ်ဈေးများ ကြီးမြင့်ခြင်းကဲ့သို့သော ပြဿနာများသည် နောက်ဆုံးတွင် ပြည်သူတို့သာ ခံစားရသည့် ဒုက္ခဖြစ်သည်။

ဥပမာ- အောင်ဘာလေ ထီတစ်စောင် ထိုးပါက ကျပ်ငါးသောင်းဆု ပေါက်နိုင်ခြေသည် (၈၀၀ ပုံလျှင် တစ်ပုံသာရှိပြီး ထီတစ်စောင် ၃၀၀ ကျပ်နှုန်းဖြင့် တွက်ချက်ပါက အဆပေါင်း ၁၆၆ ဆကျော် ရရှိမည် ဖြစ်သည်။ တရားမဝင် လောင်းကစားထီ ဖြစ်သော ထိုင်းနိုင်ငံ၏ သုံးလုံးထီ ထိုးခြင်းသည် အပုံ ၁၀၀၀ လျှင် တစ်ပုံရှိပြီး အဆပေါင်း ၅၀၀ ပေးလျော်လျက်ရှိရာ မြန်မာ့အောင်ဘာလေထီထက် အဆများစွာ ပေးလျော်ကြောင်း တွေ့ရှိရသည်။

အစိုးရရောင်းဈေး ဖြစ်သည့် ထီတစ်စောင် ၂၀၀ ကျပ်ဖြင့် ထိုးခွင့်ရပါမူ ငါးသောင်းဆု ပေါက်နိုင်ခြေသည် မပြောင်းလဲသော်လည်း အဆပေါင်း ၂၅၀ ရရှိမည် ဖြစ်သည်။ သို့သော်လည်း အဆပေါင်း ၅၀၀ ပေး လျော်လျက်ရှိသော ထိုင်းသုံးလုံးထီထက် ထက်ဝက်ခန့် လျော့နည်းသည်ကို တွေ့ရမည် ဖြစ်သည်။ (ဇယား (၃) တွင် နှိုင်းယှဉ်ကြည့်နိုင်သည်။)

ပေါက်နိုင်ခြေနှုန်း၊ ရရှိသည့်အဆတို့နှင့် နှိုင်းယှဉ်လျှင် မြန်မာ့အောင်ဘာလေထီမှာ တန် မတန် မေးခွန်းထုတ်စရာ။ မည်သူ့အတွက် ထီထိုးနေသနည်းဟု မေးခွန်းထုတ်စရာ။

“နစ်နာတာကတော့ ပြောမနေပါနဲ့ဗျာ။ ဒါပေမဲ့ ရှားပါးတဲ့ ဒီခေတ်မှာ ပေါက်မလားဆိုပြီး ကျွန်တော်တို့ လက်လုပ် လက်စားတွေကတော့ ထိုးနေတာပဲ” ဟု လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှ လစဉ် ထီထိုးလေ့ရှိသူ ဦးတင်မြင့်က ဆိုသည်။

ရဲနိုင်ဦး
The Voice Weekly

No comments:

Post a Comment

My Blog List