Thursday, July 31, 2014

သမ္မတအိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်


သမ္မတ ဘာရတ်အိုဘားမားကို တရားစွဲဆိုရန် အဆိုတစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရာ အောင်မြင်မှုရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။ အိုဘားမားအနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာများကို ဘောင်ကျော်အသုံးချခဲ့ကြောင်း စွဲချက်တင်ရန် အဆိုပြုခဲ့ပြီး အောက်လွှတ်တော်တွင် မဲခွဲရာ ၂၂၅ မဲ၊ ၂၀၁ မဲဖြင့် အနိုင်ရရှိခဲ့သည်။ 

အိုဘားမား၏ ဒီမိုကရက်တစ် မဟာမိတ်များက ကန့်ကွက်နေသည့်တိုင် အောက်လွှတ်တော်ရှေ့နေများ သည် အဆိုပါစွဲချက်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများကို စုစည်းပြီး စွဲချက်အတွက် မူကြမ်းရေးသား ပြင်ဆင်နိုင်တော့မည်ဖြစ်သည်။

အိုဘားမားသည် ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေသစ် ပြဋ္ဌာန်းရေးအတွက် အားထုတ်ခဲ့ရာတွင် အာမခံ ဆိုင်ရာ အချိန်သတ်မှတ်ချက်တစ်ခုကို နှောင့်နှေးသွားစေရန်အတွက် လုပ်ပိုင်ခွင့်များကို ဘောင်ကျော် အသုံးချ ခဲ့ကြောင်း အဆိုတင်သွင်းသူများက စွပ်စွဲခဲ့သည်။ သမ္မတကမူ အဆိုပါအားထုတ် မှုသည် အချိန်ဖြုန်းခြင်းသာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ “ဒါက နိုင်ငံရေးစတန့် ထွင်မှုတစ်ခုဆိုတာ လူတိုင်းသိတယ်။ တကယ်လို့ သူတို့ဘက်က ဘာမှမလုပ်ဘူး ဆိုရင် ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ် ဆက်လုပ်မှာပဲ။ တကယ်တမ်း အလုပ်ကြိုးစားတဲ့ မိသားစုတွေကို အကူအညီပေးနိုင်မယ့် စီမံလုပ်ဆောင်မှု ၄၀ ကျော်ကို ကျွန်တော်တို့လုပ်ခဲ့ပြီးပြီ။ အဲဒါတွေက ခင်ဗျားတို့ ကွန်ဂရက် ဘာမှမလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ လုပ်ခဲ့တာဖြစ်တယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံရေးသမိုင်းကြောင်းတွင် အောက်လွှတ်တော်က လက်ရှိ အာဏာရသမ္မတကို အာဏာ အသုံးပြုမှုဆိုင်ရာ တရားစွဲဆိုမှုတစ်ရပ် အကောင်အထည်ဖော်ခြင်းသည် ယခုတစ်ကြိမ် ပထမဆုံးဖြစ်သည်။ 

အတိုက်အခံ ရီပတ်ဘလစ်ကန်တို့က အိုဘားမားသည် သမ္မတတစ်ဦး၏လုပ်ပိုင်ခွင့်ကို တစ်ကြိမ်ထက်မက ဘောင်ကျော်အသုံးချခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။ အိုဘားမားသည် ၎င်းတာဝန်ယူခဲ့သည့် သမ္မတသက်တမ်း ၆ နှစ်အတွင်း စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ထုတ်ပြန်မှု ၁၈၃ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ 

ဂျော့ဘုရှ် သမ္မတအဖြစ် တာဝန်ယူခဲ့သည့် ၈ နှစ်အတွင်း ယင်းအမိန့်မျိုး ထုတ်ပြန်မှု ၂၉၁ ကြိမ်ရှိခဲ့ဖူးပြီး ရော်နယ်လ်ရေဂင် လက်ထက်ကမူ ၃၇၁ ကြိမ်ထိ ရှိခဲ့ဖူးကြောင်း သိရှိရသည်။ 


Ref - BBC
Planet Myanmar Network 

No comments:

Post a Comment

My Blog List