Saturday, August 02, 2014

K Pop ထိပ်တန်းအဖွဲ့ 2NE1 မြန်မာပရိသတ်များ၊ မီဒီယာများနှင့်တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက ထပ်မံလာရောက်လိုကြောင်း ပြောကြား


2NE1 အဖွဲ့ဝင်များ Facebook Fan ကံထူးသူများအား အမှတ်တရလက်မှတ် ရေးထိုးပေးနေစဉ်

K Pop ထိပ်တန်းအဖွဲ့ 2NE1 သည် မြန်မာပရိသတ်များ၊ မီဒီယာများနှင့် ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြေနီကုန်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါကနောက် တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။ 

အဆိုပါ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲသို့ 2NE1 ပရိသတ် အများအပြား ကြိုတင်လာရောက် စောင့် ဆိုင်းခဲ့ကြပြီး 2NE1 အဖွဲ့ သီဆိုထားသည့် သီချင်းများကို အော်ဟစ်သီဆိုရင်း စောင့်ဆိုင်းခဲ့ကြသည်။ ထို့အပြင် 2NE1 အဖွဲ့သား များဖြစ်သည့် Dara၊ Bom၊ CL နှင့် Minzy တို့၏ နာမည်များကိုလည်း အော်ဟစ် ကာ ကြိုဆိုခဲ့ကြသည်။

2NE1 အဖွဲ့သားများ၏ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံမှုကို ညနေ ၃ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးချင်းက ပရိသတ်များအား နှုတ်ဆက်ခဲ့သည်။ ထို့နောက် မီဒီယာများမှ မေးမြန်းထားသည့် မေးခွန်းများ အနက်မှ မဲနှိုက်၍ကျရာမေးခွန်းကို ဖြေကြားခဲ့ရာ ၎င်းတို့အောင်မြင်နေသည့် အဓိကလျှို့ဝှက် ချက်မှာ ပရိသတ်များ အားပေးမှုကြောင့်ဖြစ်ကြောင်း၊ ပရိသတ်အားပေးမှုမရှိလျှင် 2NE1 အဖွဲ့ ရပ်တည်နိုင် မည် မဟုတ်ကြောင်း၊ ဖက်ရှင်နှင့်ပတ်သက်၍ ၎င်းတို့ကိုအားပေးသည့် ပရိသတ်များမှာ ဖက်ရှင်ကျနခြင်း ကြောင့် ၎င်းတို့လည်း ယုံကြည်ချက်အပြည့်ဖြင့် ဖက်ရှင်ကျနစေရန် ဝတ်ဆင်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကို ဖျော်ဖြေပွဲပြုလုပ်ရန်အတွက် ဖြစ်စေ၊ ပရိသတ်များနှင့် တွေ့ဆုံရန်အတွက် ဖြစ်စေ နောက်တစ်ကြိမ် ထပ်မံ လာရောက်လိုကြောင်း ပြောကြားသည်။

ဩဂုတ် ၂ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲနှင့်ပတ်သက်၍လည်း ပရိသတ်များ နားထောင်လိုသည့် တေးသီချင်းများကို သီဆိုပြသွားမည်ဖြစ်ကြောင်း၊ ပရိသတ် နားထောင်ချင်သရွေ့ သီဆိုပေးသွားရန် စီစဉ် ထားကြောင်း၊ မြန်မာနိုင်ငံသို့ ပထမဆုံး အတွေ့အကြုံဖြစ်၍ စိတ်လှုပ်ရှားမိကြောင်း၊ အကောင်းဆုံး အတွေ့အကြုံများအား ထပ်မံရယူနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ လေဆိပ်တွင် ပရိသတ်များမှ နွေးထွေးစွာ လာရောက်ကြိုဆိုခဲ့သည့်နည်းတူ ဖျော်ဖြေပွဲတွင် လည်း နွေးထွေးစွာကြိုဆိုသွားမည်ဟု မျှော်လင့်ထား ပါကြောင်း၊ ပရိသတ်များနှင့်ပတ်သက်၍ အားပေးသည့်ပရိသတ်များရှိသဖြင့်သာ ၎င်းတို့ရပ် တည်နိုင်ခြင်းဖြစ် ကာ ပရိသတ်များမရှိပါက 2NE1 ရပ်တည်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

ထို့နောက် မေးခွန်းများဖြေဆိုမှုအပြီးတွင် Facebook Fan များအနက်မှ ကံထူးသူများကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း၊ ဓာတ်ပုံတွဲဖက် ရိုက်ကူးခွင့်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။

2NE1 အဖွဲ့သည် ဩဂုတ် ၁ ရက် ညပိုင်းတွင် ပြုလုပ်သည့် Pre Party Program သို့လည်း တက်ရောက် ခဲ့ပြီး အဆိုပါအစီအစဉ်တွင် အနုပညာရှင်များ၊ VVIP လက်မှတ်ဝယ်ယူထားသူများ တက်ရောက်ခဲ့ကြသည်။ 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲကို ဩဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park ၌ပြုလုပ်မည်ဖြစ် သည်။

2NE1 KPop Girl Band အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံများသို့ World Tour အစီအစဉ်အဖြစ် လှည့်လည်ဖျော်ဖြေ လျက် ရှိကြောင်း သိရသည်။ 2NE1 KPop Girl Band အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး CL၊ Bom၊ Dara၊ Minzy တို့ဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်သည်။ 2NE1 KPop Girl Band အဖွဲ့၏ I Don't Care၊ I am the Best တေးသီချင်းများသည် Song of the Year ဆုများကို ရရှိခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List