Saturday, August 02, 2014

တစ်နိုင်ငံလုံးအပစ်ရပ်ရေးအတွက် နောက်တစ်လှမ်း


ကာလရှည်ကြာစွာ ညှိနှိုင်းနေရသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် လိုင်ဇာ မြို့၌ ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များညီလာခံတွင် သိသာထင်ရှားသည့် ဆုံးဖြတ် ချက်များ ထွက်ပေါ်ရန် အရေးကြီးသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ကြား ယမန်နှစ် နိုဝင်ဘာလအတွင်းမှစ၍ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရေး ညှိနှိုင်း အဖြေရှာရန် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပြီး လက်ရှိကာလတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး သဘောတူညီချက်စာချုပ် ဒုတိယမူကြမ်း (Single Text)ကို ရေးဆွဲပြီး စီးခဲ့ပြီဖြစ်သည်။

သို့ရာတွင် ညှိနှိုင်းရန်ခက်ခဲနေသည့် အချက်ပေါင်း ၃၁ ချက် ကျန်ရှိနေသည်။ ကျန်ရှိနေသော အချက်များ တွင် တိုင်းရင်းသားများဘက်က အဆိုပြုချက်ကို အစိုးရဘက်က သဘောမတူခြင်းကြောင့် ကျန်ရှိနေသည့် အချက်က ပိုများကြောင်း တိုင်းရင်းသားကိုယ်စားလှယ်များက ဆိုသည်။ ယခု လိုင်ဇာညီလာခံတွင် ယင်း အချက်များအပါအ၀င် အစိုးရနှင့် ဆက်လက်ညှိနှိုင်းရန် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ဆွေးနွေး ဆုံးဖြတ်သွားကြမည်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် ယခု လိုင်ဇာညီလာခံရလဒ်သည် ပြည်တွင်းငြိမ်း ချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့အတွက် အလွန်အရေးကြီးကြောင်း တိုင်းရင်းသားခေါင်းဆောင် များကဆိုသည်။

‘‘ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ၊ ပါတီအဖွဲ့အစည်းတွေ၊ ဖွဲ့စည်းပုံကို ပြင်လိုသူတွေက ကျွန်တော် တို့ဖြစ်စဉ်ကို စောင့်နေကြပါတယ်။ အမျိုးသား ရင်ကြားစေ့ပေးနိုင်မယ့် အရေးကြီးတဲ့ အခုအစည်းအဝေးမှာ ရှေ့ခရီးဆက်နိုင် မယ့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ လိုအပ်ပါတယ်’’ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။

နိုင်ငံအသွင်ကူးပြောင်းရေးအတွက် ထင်ရှားသည့်ရလဒ်များ ထွက်ပေါ်လာရန် အရေးကြီးသော NCCT ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂၅ ရက်မှစတင်၍ ကေအိုင်အိုဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ပြုလုပ်နေခြင်းဖြစ်သည်။

ထိပ်သီးအစည်းအဝေးအပြီးတွင် NCCT အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ်များ ပါဝင်တက်ရောက်၍ ညီလာခံကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

NCCT ထိပ်သီးအစည်းအဝေးမတိုင်မီ ဇူလိုင် ၁၄ ရက်ကလည်း ဦးဆောင်ကော် မတီကို ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးက ဥက္ကဋ္ဌ၊ ကေအိုင်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဝမ်ရှောင်က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တံခါးပိတ်ပြုလုပ်ခဲ့သော NCCT ထိပ်သီးအစည်းအဝေးကာလအတွင်း အဓိက အကြိတ်အနယ်ဆွေးနွေး ခဲ့ရသည့်အချက်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းမှ ဝေါဟာရအသုံးအနှုန်း ရွေးချယ် မှုများပင်ဖြစ်သည်။

ယင်းဝေါဟာရအသုံးအနှုန်းများမှာ မူလကပင် အစိုးရနှင့်ညှိနှိုင်းရာတွင် ခက်ခဲနေသည့်အချက်များလည်း ဖြစ်သည်။ စာချုပ်မူကြမ်းတွင် တိုင်းရင်းသားများအဖွဲ့က ‘တိုင်းရင်းသားလက်နက်ကိုင်’ဟု အဆိုပြုပြီး အစိုးရဘက်က ‘လက်နက်ကိုင်တိုင်းရင်းသား’ဟု အဆိုပြုသည်။ အစိုးရဘက်က ‘ဒီမိုကရေစီနိုင်ငံတော်’ဟု အဆိုပြုပြီး တိုင်းရင်းသားအဖွဲ့များက ‘ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်’ဟု အဆိုပြုသည်။ တိုင်းရင်းသားအဖွဲ့များက ‘အပစ်အခတ်ရပ်စဲရေး’ဟု အဆိုပြုပြီး အစိုးရအဖွဲ့က ‘ပစ်ခတ်တိုက်ခိုက်မှု’ဟု အဆိုပြုသည်။ ယင်းဝေါဟာရအသုံးအနှုန်းအပြင် ဒို့တာဝန်အရေးသုံးပါးနှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေး စသည့်အချက်များကို အစိုးရနှင့် ညှိနှိုင်းရာတွင် ခက်ခဲနေခြင်းဖြစ်သည်။

NCCT ထိပ်သီးအစည်းအဝေးတွင် အကြိတ်အနယ်ဆွေးနွေးခဲ့ရသော ဝေါဟာရအသုံးအနှုန်းနှင့် ပတ်သက် ၍ ဦးဆောင်ကော်မတီသို့ ဆုံးဖြတ်ရန်လွှဲအပ်ခဲ့သည်။ စာချုပ်မူကြမ်းပါ အခန်း(၇)ခန်းလုံးကို ဆွေးနွေးပြီး ပါက ယင်းဝေါဟာရအသုံးအနှုန်းနှင့် ပတ်သက်၍ ဆုံးဖြတ်သွားမည်ဖြစ်သည်။

‘‘အားလုံးဆွေးနွေးပြီးမှဆုံးဖြတ်တာကပိုကောင်းတယ်ဆိုတဲ့သဘောနဲ့ ထားတာဖြစ်တယ်။ မဆုံးဖြတ်နိုင်သေး တာ မဟုတ်ပါဘူး’’ဟု NCCT အကြံပေးပုဂ္ဂိုလ် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကဆိုသည်။

NCCT ထိပ်သီးအစည်းအဝေး ကာလအတွင်း တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး၊ နှစ်ဖက်စစ်သည်တော်ကျင့်ဝတ်၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ချမှတ်ခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် လုပ်ငန်းကော်မတီ ငါးခုကို ဖွဲ့စည်းသွားရန် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

NCCT ထိပ်သီးအစည်းအဝေးတွင် ဝေါဟာရအသုံးအနှုန်းအပြင် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နှင့် ပတ်သက် ၍လည်း အဓိကဆွေးနွေးခဲ့ကြသည်။ အစိုးရဘက်က အဆိုပြုထားသော နိုင်ငံရေးဆွေးနွေးပွဲတွင် ရှစ်ပွင့် ဆိုင် ဆွေးနွေးမည်ဟူသော အချက်ကို တိုင်းရင်းသားအဖွဲ့များဘက်က သဘောမတူဘဲ သုံးပွင့်ဆိုင်ဆွေးနွေး မည့်အချက်ကိုသာ စွဲကိုင်ထားခြင်းဖြစ်သည်။ အစိုးရဘက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ စီးပွားရေးအင်အားစု၊ ပညာရှင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် ရှစ်ပွင့် ဆိုင်ဆွေးနွေးရန် အဆိုပြုထားခြင်းဖြစ်သည်။

သို့သော် တိုင်းရင်းလက်နက်ကိုင်အဖွဲ့များ၊ အစိုးရ၊ တရားဝင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သုံးပွင့်ဆိုင်ဆွေးနွေးရန် NCCT ထိပ်သီးအစည်းအဝေးတွင် သဘောတူညီမှုရရှိခဲ့သည်။

‘‘အစိုးရက အစိုးရအဖွဲ့ရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်ကို အင်အားစုသုံးခုအနေနဲ့ သူတို့တင်ပြချင် တယ်။ သို့သော် ကျွန်တော်တို့က ဒါက အားလုံးနိုင်ငံတော်ကို ကိုယ်စားပြုပြီးတော့ အစိုးရကိုကိုယ်စားပြု ထားတဲ့ အဖွဲ့တွေပဲဖြစ်နေတော့ သူတို့သုံးဖွဲ့စလုံးကို အစိုးရကိုယ်စားလှယ်အဖြစ်နဲ့ပဲ လက်ခံချင်ပါတယ်’’ဟု NCCT အကြံပေးပုဂ္ဂိုလ် ဒေါက်တာဆလိုင်းကဆိုသည်။

ထို့အပြင် အစိုးရဘက်က တင်ပြထားသော အရပ်ဘက်လူ့အဖွဲ့အစည်း၊ စီးပွားရေးအင်အားစု၊ ပညာရှင် စသည့် အင်အားစုအားလုံးမှာ လူထုအခြေပြုအဖွဲ့အစည်းများသာဖြစ်သည့်အတွက် ၎င်းတို့၏အခန်းကဏ္ဍကို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆုံးဖြတ်ချက်ပေးသည့် အဆင့်အဖြစ် မသတ်မှတ်ဘဲ သင့်လျော်သလို ပါဝင်ဆွေးနွေးရန်သာ တိုင်းရင်းသားများဘက်မှ တင်ပြထားကြောင်း ဒေါက်တာဆလိုင်းက ဆက်လက်ပြော သည်။

‘‘သူတို့ကို Decision Maker မှာ ထည့်လိုက်လို့ရှိရင် ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီကျင့်စဉ်တစ်ရပ်ကို ဖောက်ရာကျတယ်လို့မြင်တယ်။ ဒီမိုကရေစီစနစ်မှာ အရပ်ဘက်အဖွဲ့အစည်းကလွတ်လပ်တဲ့လူ့အဖွဲ့ အစည်းပဲ ဖြစ်သင့်တယ်။ သူတို့ကို ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအရ အသုံးမချသင့်ဘူး’’ဟု ဒေါက်တာ ဆလိုင်းကပြောသည်။

ရက်တစ်ရက် ထပ်မံတိုးမြှင့်ခဲ့ရသော NCCT ထိပ်သီးအစည်းအဝေးအပြီး ဇူလိုင် ၃၀ ရက်တွင် NCCT အဖွဲ့ ၀င်မဟုတ်သည့် ‘၀’ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မိုင်းလားအဖွဲ့(NDAA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ညီလာခံဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းနောက် အစိုးရနှင့် ဆက်လက်တွေ့ဆုံ၍ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။ တိုင်းရင်းသားအဖွဲ့အားလုံး စုံလင်စွာတက်ရောက်ကြသည့် လိုင်ဇာညီလာခံ သည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလွန်အရေးကြီးကြောင်း ကုလအဖွဲ့အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များကဆိုသည်။ ယခုထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာမည့်ရလဒ်သည် နိုင်ငံရေးလမ်းစဉ် မှာသာမက စစ်ရေးအခန်းကဏ္ဍတွေမှာ အရေးကြီးလာမည်ဟု KNPP ဥက္ကဋ္ဌ ခူးအေဘယ်လ်တွဒ် ကပြောသည်။ လိုအပ်ချက်များရှိပါက ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရန် တတ်နိုင်သည့် ကူညီပံ့ပိုးမှုများကို ပေးအပ်သွားမည်ဟုလည်း လိုင်ဇာညီလာခံ တက်ရောက်သည့် ကုလနှင့် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် များကဆိုသည်။

‘‘တစ်နိုင်ငံလုံးရဲ့ ရှေ့ရေးကိုလည်း ဒီဆွေးနွေးပွဲကနေ အကောင်းဆုံး ဖြစ်ပေါ်လာမယ်ဟု ယုံကြည်ပါ တယ်’’ဟု ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက လိုင်ဇာညီလာခံသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

လိုင်ဇာညီလာခံတွင် သိသာထင်ရှားသည့် ရလဒ်ကောင်းများ ထွက်ပေါ်လာပြီး အစိုးရနှင့် ဆက်လက် ဆွေးနွေးကာ မူလကမျှော်လင့်ထားသည့် သြဂုတ်(သို့မဟုတ်) စက်တင်ဘာတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ငြိမ်းချမ်းရေးရရှိမည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။   

7Day News Journal

No comments:

Post a Comment

My Blog List