Friday, August 01, 2014

တစ်နေ့လျှင် ငါးမိနစ်မျှ အပြေးလေ့ကျင့်ခြင်းဖြင့် အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်ကို လျှော့ချနိုင်


တစ်နေ့လျှင် ငါးမိနစ်မျှ အပြေးလေ့ကျင့်ရုံဖြင့် အရွယ်မတိုင်မီ သေဆုံးမှု အန္တရာယ်ကို သိသိသာသာ လျော့ကျစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။ လေ့ကျင့်ခန်း ခေတ္တမျှ လုပ်ခြင်းဖြင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများမှာ ကျန်းမာရေးကျွမ်းကျင်သူများ ယူဆထားသည်ထက် အကျိုး ပိုများကြောင်း ယင်းလေ့လာမှုရလဒ်များက ဖော်ပြသည်။

အပြေးလေ့ကျင့်ခြင်းကဲ့သို့ အားသွန်ခွန်စိုက် လေ့ကျင့်ခန်းလုပ်သူများမှာ အပြေးလေ့ကျင့်ခြင်း မရှိသူများ ထက် အရွယ်မတိုင်မီသေဆုံးမှု အန္တရာယ် ၃၀ ရာခိုင်နှုန်းလျော့ကျကြောင်း ယခုလေ့လာမှု အသစ်က ဖော်ပြသည်။ ထို့ပြင်အပြေးလေ့ကျင့်သူများမှာ မလေ့ကျင့်သူများထက် နှလုံးရောဂါဖြင့် သေဆုံးနိုင်သည့် အန္တရာယ် ၄၅ ရာခိုင်နှုန်း ပိုနည်းကြောင်း သိရသည်။

ဆေးလိပ်သောက်သုံးသည့် ကိုယ်အလေးချိန်ပိုများသူများပင် အပြေးလေ့ကျင့်ခန်း ပုံမှန်လုပ်ပါက လုံးဝမပြေးသူများထက်အရွယ် မတိုင်မီ သေဆုံးမှု အန္တရာယ် ပိုမိုလျော့ကျသွားကြောင်း ယခုလေ့လာ မှုအသစ်က ဖော်ပြသည်။

ယခုလေ့လာမှုမှာ အပြေးလေ့ကျင့်ခြင်းက အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်အပေါ် မည်ကဲ့သို့ အကျိုး သက်ရောက်မှုရှိသည် (သို့မဟုတ်) မည်သည့်အတွက်ကြောင့် အကျိုးသက်ရောက်သည်ဆိုခြင်းကို တိုက် ရိုက်လေ့လာခြင်းမဟုတ်ဘဲ ယေဘုယျအားဖြင့် အပြေးလေ့ကျင့်သူများသည် လမ်းလျှောက်ခြင်းကဲ့သို့ အလယ်အလတ် လေ့ကျင့်ခန်းလုပ်သူများထက် ပို၍သေဆုံးနိုင်ခြေ လျော့နည်းကြောင်း လေ့လာတွေ့ရှိ သည်ဟု သုတေသီများက ပြောသည်။

အပြေးလေ့ကျင့်ခြင်းအပြင် ကြိုးခုန်ခြင်းနှင့် စက်ဘီးစီးခြင်း (သို့မဟုတ်) အားသွန်ခွန်စိုက်လုပ်ရသော လေ့ကျင့်ခန်းမျိုး ပုံမှန်မိနစ် အနည်းငယ်မျှ လုပ်ခြင်းဖြင့်လည်း အသက်ပိုရှည်နိုင်သည်ဟု သုတေသီများက ပြောသည်။

ယခုလေ့လာမှုကို အိုင်အိုဝါ ပြည်နယ်တက္ကသိုလ်၊ တောင်ကယ်ရို လိုင်းနားတက္ကသိုလ်၊ ပန်နီတွန်ဇီဝဆေးဝါး သုတေသနစင်တာနှင့် အခြား အဖွဲ့အစည်းများစွာမှ သုတေသီများက အချက်အလက်ပေါင်းများစွာကို အခြေခံ၍ လေ့လာထားခြင်းဖြစ်ပြီး ၎င်းတို့၏ လေ့လာမှုကို နှလုံးရောဂါပညာဆိုင်ရာ အမေရိကန်ကောလိပ် ဂျာနယ်တွင် ဖော်ပြထားသည်။ 

7Day News Journal

No comments:

Post a Comment

My Blog List