Tuesday, July 29, 2014

AGD ဘဏ် ရှယ်ယာရောင်းဝယ်မှု၊ ၀ယ်ယူငွေများ ငွေဖြူ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးမှုပြီးစီး၍ သက်ဆိုင်ရာသို့တင်ပြထား


AGD ဘဏ်ရှယ်ယာရောင်းဝယ်မှု၊ ၀ယ်ယူငွေများ ငွေဖြူ ဟုတ်၊ မဟုတ် စစ်ဆေးနေသည့် ပဏာမ စစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမှုပြီးစီးသွားသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါ AGD ဘဏ်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာတွင် ပဏာမ စစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့တွင် အခွန်ဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့၊ စစစ စသည့်ဌာနများ ပါဝင်ကြောင်း သိရသည်။

"အခုဒီဘဏ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ရှယ်ယာလွှဲပြောင်းတဲ့ငွေကြေးတွေက ငွေဖြူ ဟုတ်၊ မဟုတ် စတာတွေ အပြင် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ အညီ စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးသွားပါပြီ။ ရှယ်ယာထည့်ဝင် တဲ့ဘက်ရော၊ လက်ခံတဲ့သူဘက်ကရော ဒီငွေတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လို အကြောင်း အရာတွေနဲ့ ရရှိလာတဲ့ငွေကြေးတွေဆိုတာကို တင်ပြခိုင်းထားတယ်။သူတို့တင်ပြထားတဲ့ အချက်အလက်တွေနဲ့ ကျွန်တော်တို့ဥပဒေနဲ့အညီ ပဏာမစစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးလို့ရရှိထားတဲ့ အချက်အလက်တွေ ကိုတွဲပြီးတော့ တာဝန်ရှိတဲ့အကြီးအကဲကို တင်ပြထားတယ်။အကယ်၍ ပြန်ကြ လာရင် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုရင်တော့ ထုတ်ပြန်ထားတဲ့ဥပဒေအတိုင်းပဲ အရေးယူသွားမှာပါ" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် AGD ဘဏ်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကိုဝယ်ယူထားကာ ရာခိုင်နှုန်း ၆၀ အထိဝယ်ယူရန် သဘောတူညီထားပြီးဖြစ်ကြောင်းနှင့် ခြောက်လအတွင်း ၈၅ ရာခိုင်နှုန်းအထိကို ၀ယ်ယူရန် ၎င်းတို့ဘက်မှ လျာထားကြောင်း ဦးအေးနေ၀င်းက ပြောကြားထားသည်။

ခြောက်လအတွင်းဟုဆိုရာတွင် ဘဏ် ရှယ်ယာများဝယ်ယူနိုင်ရန်အတွက် ဗဟိုဘဏ်သို့တင်ပြရာတွင် သက်ဆိုင်ရာဌာနများဖြင့် အဆင့်ဆင့်စိစစ်ရသည့် တစ်ကြိမ်လျှင် အနည်းဆုံး တစ်လခွဲဝန်းကျင်ကြာမြင့်၍ ခြောက်လအတွင်းဟုဆိုရခြင်းဖြစ်ကြောင်း၊ ၈၅ ရာခိုင်နှုန်းဆိုသည်မှာလည်း ၀ယ်ယူရန်လျာထားသည့်
ပမာဏဖြစ်ကြောင်း ပြောကြားထားသည်။

ဝယ်ယူသည့် ဈေးနှုန်းများမှာမူ လက်ရှိတွင်ထုတ်ဖော်ပြောကြားခြင်းမပြုနိုင်သေးသည့်အတွက် ထုတ်ဖော်ပြောကြားမှုမပြုနိုင်ကြောင်းနှင့် ဦးကျော်နေ၀င်းမှ ဦးဆောင်ဝယ်ယူမြှုပ်နှံခြင်းဖြစ်သည်ဟု ဦးအေးနေ၀င်းက ပြောကြားထားခဲ့သည်။

AGD ဘဏ်တွင် စုစုပေါင်း အစုရှယ်ယာ ၆၁၀၀၀၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် အစုရှယ်ယာ ၉၀၀၀၀ ကို ရောင်းချထားကြောင်း သိရသည်။

လက်ရှိရောင်းချပြီး အစုရှယ်ယာ ၉၀၀၀၀ ကို Mikko အုပ်စုမှ ဦးယဉ်ထွေး၊ ဒေါ်ခင်ဝင်းမော်၊ဦးသူရမြင့်တို့က အများဆုံးဝယ်ယူခြင်းဖြစ်ပြီး ဦးကျော်နေ၀င်းမှ ၁၀ ပုံတစ်ပုံဖြစ်သော ပမာဏ (၉၀၀၀ ဟုစုံစမ်းသိရှိရ) ကို ၀ယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးက "ကျွန်တော်တို့အဖွဲ့အနေနဲ့ အခုလုပ်ငန်းအစ မှာ စစ်ဆေးတယ်။ ပြီးတော့ လုပ်ငန်းလည်ပတ်တဲ့အချိန်မှာလည်း တောက်လျှောက်စောင့်ကြည့်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဦးမယ်။ ဘဏ်မှာလည်ပတ်နေတဲ့ငွေကြေးတွေက ရာဇ၀တ်ကောင်တွေ ကိုထောက်ပံ့နေတဲ့ ငွေကြေးတွေလား၊ ငွေမည်းတွေလား၊ ငွေကြေးခ၀ါချထားတဲ့ပိုက်ဆံတွေလား၊ ဒါတွေကို အမြဲတမ်းစောင့်ကြည့်နေမှာဖြစ်တယ်။ ဒီလိုငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေတွေရှိလာတာကတရား မ၀င် ရရှိလာတဲ့ငွေကြေးတွေနဲ့ လည်ပတ်နေတဲ့သူတွေကို အကောင်းဆုံးဟန့်တားနိုင်တယ်။

ဒီလိုမှမဟုတ်ရင်တော့ ပိုက်ဆံရှိတယ်ဆိုပြီး လုပ်ချင်တာတွေကို လုပ်လာနိုင်ပါတယ်" ဟု ဆက်လက်ပြော ကြားသည်။

ဦးနေ၀င်း၏မိသားစုဝင်များအနက် ဦးနေ၀င်း၏သမက်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့်သားများဖြစ်သည့် ဦးကျော်နေ၀င်း၊ ဦးအေးနေ၀င်း၊ ဦးဇွဲနေ၀င်းတို့မှာ ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချ မှတ်ခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ၁၀ နှစ်ကျော်နေထိုင်ခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ် တို့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူများဖြစ်သည်။ ထိုကာလများအတွင်း ဦးနေ၀င်း၏သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းမှာလည်း နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသူဖြစ်သည်။ ၎င်းတို့ အကျဉ်းကျခံနေရစဉ် အချိန်များနှင့် ပြန်လည်လွတ်မြောက်ချိန်နောက်ပိုင်း လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများမှ ရရှိသော ၀င်ငွေသည် ပြောစမှတ်ပြုရသည်အထိ သတင်းထွက်ပေါ်ခဲ့ခြင်းမရှိပေ။

Eleven Media Group 

No comments:

Post a Comment

My Blog List