Saturday, August 02, 2014

ကလေးစစ်သား ၉၁ ဦးကို နုတ်ထွက်ခွင့်ပြု


ကလေးစစ်သား ပပျောက်ရေး စီမံချက်ဖြင့် အရွယ် မရောက်သေးသည့် စစ်မှုထမ်း များနုတ်ထွက်ခွင့်ပြုလျက် ရှိရာ သြဂုတ်လ ၁ ရက်က စုစုပေါင်း၉၁ ဦး နုတ်ထွက်ခွင့်ပြုသဖြင့် ဒုတိယမြောက် အရေအတွက် အများဆုံး နုတ်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

စစ်သားများအား တပ်မ တော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် (၁၀)နှစ်မှ(၁၈)နှစ် ကြား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့ပြီး မိဘ(သို့ မဟုတ်) အုပ်ထိန်းသူများထံ သြဂုတ် ၁ ရက်က လွှဲပြောင်း ပေးအပ်ခဲ့သည်။

သြဂုတ် ၁ ရက်တွင် ရန်ကုန် ရှိ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုအသုတ်သည် ၂၀၁၂ ခုနှစ် ဇွန်လတွင် အစိုးရက အရွယ်မရောက်သူ ကလေးသူငယ်များ တပ်မတော်၌ စစ်မှုထမ်းခြင်း မှ တားဆီးရေးအတွက် ကုလ သမဂ္ဂနှင့် သဘောတူလက်မှတ် ရေးထိုးခဲ့သည့် ပူးတွဲစီမံချက် (Joint Action Plan) ကို စတင် လက်မှတ်ရေးထိုးချိန်မှစပြီး နုတ်ထွက်ခွင့်ပြုလိုက်သည့် ကလေး စစ်သား အရေအတွက် ဒုတိယအများဆုံးဖြစ်သည်။

စစ်မှုထမ်းကလေးသူငယ်များအား တပ်မတော်မှ နုတ်ထွက် ခွင့်ပြုခြင်းကို ခြောက်ကြိမ်မြောက် လုပ်ဆောင် ခြင်းဖြစ်ပြီး နုတ်ထွက် ခွင့်ပြုသည့် ဦးရေ ၃၆၄ ဦးရှိပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အရွယ် မရောက်သေးသော ကလေးစစ် သားများ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်မှ စတင်ကာ ၁၈ လတာ လုပ်ငန်းစီမံချက်ကို ကလေးသူငယ် အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်သူများအား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာ တင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ (CTFMR) နှင့် လက်မှတ်ရေးထိုး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လုပ် ငန်းစီမံချက် သက်တမ်း၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် တွင် နောက်တစ်ကြိမ် ခြောက်လ သက်တမ်းတိုးမြှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ကလေးများနှင့် မိဘများ ကို ပြုစုစောင့်ရှောက်ရေးစခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ် မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဆေးဝါးကုသ ရန် လိုအပ်မှုရှိ၊ မရှိ စစ်ဆေး၍ လိုအပ်ပါက ဆေးကုသမှုခံယူခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်း ပြင်ပပညာသင်ကြားရန်၊ အလုပ် လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတ သော အလုပ် အကိုင် ရရှိနိုင်ရန် စီစဉ် ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဟု တပ်မတော်ဘက်မှလည်း သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များအား လက်နက်ကိုင် အဖွဲ့အစည်းများတွင် တပ်သားအဖြစ် ခေါ်ယူစု ဆောင်းအသုံးပြုသည့် စာရင်းတွင် ဖော်ပြထားသည့် နိုင်ငံ များတွင် ပါဝင်နေသည်။

ကလေးသူငယ်များကို တပ်မတော်မှ တပ်သားအဖြစ် ခေါ်ယူစုဆောင်းသည့် မသင်္ကာဖွယ်ကိစ္စရပ်များ တွေ့မြင်ရပါက မည်သူမဆို ၀၉ ၄၂၁၁၆၆၇၀၁ နှင့် ၀၉ ၄၂၁၁ ၆၆၇၀၂ တို့ကို အရေးပေါ် ဆက်သွယ်ခေါ်ယူနိုင်သည်။

7Day Daily

No comments:

Post a Comment

My Blog List