Friday, August 01, 2014

တစ်နိုင်ငံလုံး ၂လအတွင်း အပစ်ရပ်စာချုပ် ချုပ်နိုင်တော့မယ်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂ လအတွင်း ချုပ်ဆိုနိုင်မယ့် အနေအထား ရှိနေပြီလို့ လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားထိပ်သီးညီလာခံရဲ့ နောက်ဆုံးနေ့ ဇူလိုင် ၃၁မှာ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောလိုက်ပါတယ်။ 

ဒါဆိုရင် ၂လအတွင်း မြန်မာပြည် ငြိမ်းချမ်းရေးရတော့ မှာလား။

တတိယအကြိမ်ကျင်းပတဲ့ ညီလာခံရဲ့ ရလဒ်တွေကိုမူတည်ပြီး သုံးသပ်ကြည့်ရင် လာမယ့် သြဂုတ်လထဲမှာ NCCT နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC တို့ကြားမှာ အပစ်အခတ်ရပ်စဲရေးအတွက် စာချုပ်မူကြမ်းကို နှစ်ဖက်စလုံး အချောသပ်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံမှာ ရှေ့လုပ်ငန်းစဉ် ၃ရပ်ကိုချမှတ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ စာချုပ်မူကြမ်းပါ နိုင်ငံရေးလမ်းပြမြေပုံ အတိုင်း အဆင့်လိုက် ဆောင်ရွက်ပြီး ပြည်ထောင်စုစာချုပ်တစ်ခု ချုပ်ဆိုနိုင်တဲ့အထိ ဆောင်ရွက်ဖို့ သတ်မှတ် ခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ပတ်သက်လို့ မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ဖို့အခက်အခဲဖြစ်ခဲ့ရင် ထိပ်သီးခေါင်းဆောင်တွေ အရေးပေါ်အစည်းအဝေးခေါ်ယူဖို့အချက်ပါ ပါဝင်တဲ့ ရှေ့လုပ်ငန်းစဉ်မှာ NCCT ကို ကြီးကြပ်မယ့် ဦးစီးကော်မတီကို မဖွဲ့ဖြစ်တော့ဘဲ ထိပ်သီးခေါင်းဆောင်တွေကို အလွယ်တကူဆက် သွယ်နိုင်မယ့် ယန္တရားတစ်ခုဖန်တီးထားပြီး အရေးပေါ်အစည်းအဝေး ခေါ်ယူခွင့်ကိုလည်း NCCT ကို ပေးအပ်ခဲ့ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ထဲကို ABSDF ကျောင်းသားတပ်မတော်ကို အဖွဲ့ဝင်သစ်အဖြစ် ခွင့်ပြုဖို့ရှိပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကတော့ သူတို့ဗဟိုကော် မတီကို ပြန်လည်တင်ပြရဦးမယ့် သဘောမျိုးရှိနေပါတယ်။

နောက်တစ်ကြိမ် တိုင်းရင်းသားထိပ်သီးအစည်းအဝေးခေါ်ယူပြီးရင်တော့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးနိုင်မယ့်အနေအထားရှိနေပြီး တိုင်းရင်းသားတွေရဲ့ တင်ပြချက်အချို့ကို မြန်မာအစိုးရဘက်က လက်ခံနိုင် မယ့်အနေအထား ရှိချင်မှရှိမှာဖြစ်ပေမယ့် နိုင်ငံရေးဝေါဟာရတွေရဲ့နောက်ကွယ်က တကယ့်နိုင်ငံရေး အနှစ်သာရကိုရဖို့ လိုတယ်လို့ PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက NCCT အဖွဲ့ထဲမှာပါဝင်တဲ့ ရခိုင်အမျိုးသားကောင်စီ ANC၊ ရက္ခိုင့်တပ်မတော် AA၊ MNDAA စတဲ့အဖွဲ့တွေကို ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး တစ်ဖွဲ့ချင်းစီ လက်မှတ်ထိုးခွင့် မပြုဘူးလို့ မြန်မာအစိုးရက ပြောခဲ့ပေမယ့် လိုင်ဇာသဘောတူညီချက်နဲ့ လောခီးလာ သဘောတူညီချက်တွေကို လက်မှတ်ထိုးခဲ့တဲ့ NCCT အဖွဲ့ဝင်တွေအားလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပါဝင်ဖို့ NCCT တင်ပြချက် ကို မြန်မာအစိုးရက ငြင်းပယ်တာ မရှိတာမို့ ဒီအချက်ကိုတော့ လက်ခံနိုင်မယ်လို့ သူမျှော်လင့်တဲ့အကြောင်း ဒေါက်တာဆာခေါင်းက ပြောဆိုခဲ့ပါတယ်။

Kamayut Media 

No comments:

Post a Comment

My Blog List