Wednesday, July 30, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဆောင်ရွက်နေ၍ စစ်မှန်သော ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရန် အခက်အခဲများစွာရှိဟု လိုင်ဇာအစည်းအဝေး အလှည့်ကျသဘာပတိပြောကြား


လက်ရှိ ပြည်တွင်းစစ်ရပ်စဲရေး ကြိုးပမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဆောင်ရွက်နေ ၍ စစ်မှန်သော ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးရရန် အခက်အခဲများစွာရှိသည်ဟု ဇူလိုင် ၂၉ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ ပြုလုပ်ခဲ့သည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး စတုတ္ထမြောက်နေ့တွင် အလှည့်ကျသဘာပတိ အဖြစ် ဆောင်ရွက်သော ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ဆိုသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး စတုတ္ထနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူစာချုပ် Single Text ဒုတိယ (မူကြမ်း)အပေါ် သုံးသပ်ခြင်းနှင့် မူဝါဒပိုင်းဆိုင်ရာအဆုံးအဖြတ်ပေးရမည့် အဓိကအချက်များကို ဆွေးနွေးခဲ့ကြသည်။

ALP ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က “သမ္မတဦးသိန်းစိန် ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြည်တွင်းစစ်ရပ် စဲရေး ကြိုးပမ်းဆောင်ရွက်နေမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအောက်က ကြိုးပမ်းဆောင်ရွက်နေတဲ့ ကြိုးပမ်း မှုဖြစ်သည့်အတွက် စစ်မှန်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆိုတာ အခက် အခဲများစွာ ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

သို့ရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဝေဖန်သုံးသပ်ကြည့်မယ်ဆိုပါက သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသော ပြည်တွင်းစစ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်နေမှုသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲပေါ်ထွန်းလာရန် တစ်စုံတစ်ရာ အတိုင်းအတာထိ အကျိုးသက်ရောက်မှုရှိသည်ဟု ၎င်းကဆိုသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာက ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ကချင်ပြည်နယ် လိုင်ဇာညီလာခံနှင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီက ကရင်ပြည်နယ် လော်ခီးလာညီလာခံတို့မှ သဘောတူချက်များသည် ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သည့်ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင် ပေးနိုင်သည့်မူများဖြစ်ကြောင်း၊ ယင်းမူများ အကောင်အထည်ဖော်နိုင်ရေးအတွက် လူထုစွမ်းအား၊ နိုင်ငံ တကာ စွမ်းအားတို့ဖြင့် ပေါင်းစပ်ကြိုးပမ်းဆောင်ရွက်ရန် များစွာအရေးကြီးသည်ဟု ခိုင်စိုးနိုင်အောင်က ပြောကြားသည်။

ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်များတွင်ပြုလုပ်သည့် လိုင်ဇာထိပ်သီးအစည်းအဝေးသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံ ကိုယ်စားလှယ်တို့ ပါဝင် တက်ရောက် လေ့လာခြင်းသည် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အလား အလာကောင်း သော လက္ခဏာတစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေးရရန် ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ဆောင်နေသည့်အတွက် စစ်မှန်သောငြိမ်းချမ်းရေး ရရန် အခက်အခဲ များစွာရှိသောကြောင့် တိုင်းရင်းသားများ အခွင့်အရေးတစ်စုံတစ်ရာ ရရှိစေနိုင်သည့် အာမခံချက်ရှိအောင် စုပေါင်းကြိုးပမ်းကြရန် စုပေါင်းရပ်တည်ကြရန်နှင့် လိုင်ဇာသဘောတူညီချက်နှင့် လော်ခီးလာသဘောတူညီချက်များကို စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် အခိုင်အမာရပ်တည်ပြီး နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်း ဆောင်များကို ခိုင်စိုးနိုင်အောင်က တိုက်တွန်းပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List