Saturday, August 02, 2014

ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲများ နောက်ကွယ်



ပြည်ထောင်စုဝန်ကြီး နှစ်ဦး နုတ်ထွက်ကြပြန်သည်။ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်နှင့် ကျန်မာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဖေသက်ခင်တို့ ဖြစ်သည်။ ၎င်းတို့ကို သမ္မတက ဇူလိုင်လ ၂၉ ရက်နေ့တွင် နုတ်ထွက်ခွင့် ပြုလိုက်သည်။ ၎င်းတို့ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ကြခြင်း ဖြစ်သည်ဟုလည်း သမ္မတ၏ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ထုံးစံအတိုင်း ဤမျှ မရိုးရှင်းပါ။ အစိုးရသက်တမ်း တစ်နှစ်ကျော်သာ ကျန်တော့သည့်အချိန်တွင် ၎င်းတို့ နုတ် ထွက်ခြင်းမှာ အဘယ်ကြောင့်နည်း။

ပြန်ကြားရေးဝန်ကြီး ဘာကြောင့်

ပြန်ကြားရေးဝန်ကြီးက ဇူလိုင် ၂၁ ရက်မှာတင် စာနယ်ဇင်းကောင်စီ (ယာယီ) မှ တာဝန်ရှိသူများနှင့် လတ်တလော မီဒီယာသမားများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်းများအတွက် ဆွေးနွေးခဲ့သေးသည်။ သို့သော် သမ္မတရုံး ပြောဆိုချက်နှင့် ဝန်ကြီး ပြောဆိုချက်များ ထပ်တူမကျဟု စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ဆိုသည်။ 

“ဥပမာ- ဝန်ကြီးက ခုဖြစ်နေတဲ့ မီဒီယာကိစ္စရပ်တွေဟာ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းကို အကျိုး သက်ရောက်မှု ဖြစ်နိုင်တယ်လို့ သူက သမ္မတကို အကြံပြုခဲ့တယ်လို့ ပြောတယ်။ သမ္မတရုံးကတော့ အဲဒါမျိုးတွေကို အလေးထားတာ မတွေ့ရဘူး” ဟု ၎င်းက ဆိုလိုက်သည်။

သမ္မတရုံး ဝန်ကြီးများဖြင့် အဓိက မောင်းနှင်နေသော အစိုးရအဖွဲ့ လမ်းကြောင်းနှင့် ၎င်း၏ဆန္ဒ ထပ်တူမကျခြင်းကြောင့် နုတ်ထွက်လိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း မီဒီယာသမားများက ပြောဆိုကြသည်။ ယခင် ပြန်ကြားရေး ဝန်ကြီးများနှင့် ယှဉ်လျှင် ၎င်းမှာ ရိုးသားပြီး ပရိယာယ်များခြင်း မရှိကြောင်း၊ သို့သော် မီဒီယာ လွတ်လပ်ခွင့်အတွက် လူပုဂ္ဂိုလ်က အရေးမကြီးဘဲ အစိုးရ၏ မူဝါဒများအတိုင်း လုပ်ကိုင်ရခြင်း ဖြစ်သောကြောင့် မူဝါဒများကို ပြောင်းလဲလာရန်သာ တိုက်တွန်းသွားရမည် ဖြစ်ကြောင်း ဦးမြင့်ကျော်က ဆိုသည်။

၎င်းတို့ နုတ်ထွက်ပြီးပြီးချင်းပင် အဆိုပါ ဝန်ကြီးဌာန နှစ်ခုမှ ဒုတိယ ဝန်ကြီးများကို ဝန်ကြီးအဖြစ် တိုးမြှင့် တာဝန် ထမ်းဆောင်ရန် သမ္မတက လွှတ်တော်သို့ အဆိုတင်သွင်းသည်။

အနာဂတ်တွင် မီဒီယာသမားများကြား ရင်းနှီးပြီးလည်းဖြစ်၊ သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သည့် အပြောကောင်းသော ဦးရဲထွဋ်မှာ ပြန်ကြားရေးဝန်ကြီး ဖြစ်လာတော့မည်။ ယင်းသို့ ဆိုလျှင် သမ္မတရုံးနှင့် ပြန်ကြားရေးတို့ တစ်သံတည်း ထွက်တော့မည်ဟု မီဒီယာသမားများက ပြောဆိုနေကြသည်။

ဦးရဲထွဋ်ကမူ ၎င်းဝန်ကြီး ဖြစ်လာပါက ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက်လုပ်သွားမည်ဟု ဆိုသည်။ ပြည်သူများထံ သတင်းတင်ပြရာတွင် အစိုးရမီဒီယာသာမက ပုဂ္ဂလိက စာနယ်ဇင်းများပါ ဝန်ကြီးဌာနများထံမှ သတင်းများလွယ်ကူစွာ ရနိုင်ရန် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းကာ ကြိုးစား လုပ်ဆောင်သွားမည်ဟု ဆိုသည်။ 

ယင်းအပြင် ပြည်သူများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကမီဒီယာ အသီးသီးက ဝေဖန်ချက်များကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာသို့ အကြံပြုသွားမည် ဖြစ်ပြီး မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွား မည်ဟု ၎င်းက The Voice သို့ ပြောဆိုသည်။

အစိုးရအဖွဲ့ သက်တမ်း တစ်နှစ်ခွဲသာ ကျန်တော့သည့် အချိန်တွင် တတိယအဆင့် ပြုပြင်ပြောင်းလဲရေး အဖြစ် အုပ်ချုပ်ရေး၊ စီးပွားရေး စသည့် ကဏ္ဍအသီးသီးတွင် မြန်ဆန်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီး နုတ်ထွက်သွားသည့် ဝန်ကြီးနှစ်ဦးမှာ လိုက်ပါဆောင်ရွက်ရန် အကန့်အသတ် ရှိနေခြင်းကြောင့် နုတ်ထွက်သွားသည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။

ကျန်းမာရေးဝန်ကြီး ဘာကြောင့်

ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် နုတ်ထွက်ရခြင်းမှာ အကြောင်းရှိသည်။ ဆေးရုံအုပ်များ၊ ဆရာဝန်များက မည်သည့်အကြောင်း ဆိုသည်ကို ထုတ်ဖော်ပြောမည် မဟုတ်ဟု ဆိုသော်လည်း “နိုင်ငံရေးဆိုတာ ဒီလိုပါပဲ။ မင်းခ ယောက်ျား ကမ်းနားသစ်ပင်” ဟု ဆိုလာသူများ ရှိနေသည်။

ယခင်ကတည်းကလည်း ကျန်းမာရေးဝန်ကြီးနှင့် ပတ်သက်သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ ရှမ်းပြည်နယ် အပါအဝင် နယ်မြို့များတွင် ကျန်းမာရေးနှင့် ပတ်သက်သည့် စီမံချက်များ အချိန်မီမပြီးသဖြင့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အချေအတင်ဖြစ်ကာ ဒုတိယသမ္မတက ထွက်ခိုင်းချိန်တွင် ၎င်းက မထွက်ပဲ ဆက်လုပ်နေခြင်း ဖြစ်သည်ဟု သတင်းစကားများ ပျံ့ခဲ့ဖူးသည်။

တစ်ခါ ကော့ကရိတ်မြို့သို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့ သွားရောက်စဉ်ကလည်း တစ်နှစ်အတွင်း ဆေးရုံတည်ဆောက်မှု မပြီးသေးကြောင်း ဒေသခံများက တင်ပြရာ “ဆေးရုံရှေ့ ဆန္ဒထွက်ပြကြပါလား။ တာဝန်ရှိသူလည်း အလုပ်က ထွက်သင့်တယ်” စသည်ဖြင့် ဦးစိုးသိန်းက ပြန်လည် ဖြေကြားခဲ့ဖူးသည်။ ယင်းအချက်များကြောင့် ကျန်းမာရေးဝန်ကြီး ထွက်ရသည်ဟု အချို့က ပြောဆိုကြသည်။

“နှစ်ဝါ တစ်နီဆိုလား။ ဦးတင်နိုင်သိန်းနဲ့ ရန်ဖြစ်သတဲ့။ ဒုသမ္မတနဲ့ ရန်ဖြစ်သတဲ့။ အမြင်မတူရင် ရန်ဖြစ်တာပေါ့၊ အလုပ်လုပ်ရတာ မပျော်တော့လည်း ထွက်မှာပေါ့” ဟု အမျိုးသမီး သားဖွားဆရာဝန်တစ်ဦးက ဆိုသည်။

သို့သော် ၎င်းထွက်သွားခြင်းကို ဆေးပညာ အသိုင်းအဝိုင်းက လွတ်မြောက်သွားတာ ကောင်းမွန်ကြောင်း ပြောဆိုနေမှုများလည်း ရှိသည်။ ဆေးတက္ကသိုလ်မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးကလည်း “သူတို့ခိုင်းတာကို ရတဲ့သူပဲ သူတို့ထားမှာပေါ့။ သူတို့ဖြစ်ချင်တယ် ဆိုတာက တစ်ခါတလေ ပညာရှင်အမြင်နဲ့ ဝိရောဓိ ဖြစ်နေတာတွေ ရှိနိုင်တာပဲ။ ဒီတော့ သဘောထားချင်း မတူတော့ ဘယ်ထားတော့မလဲ” ဟု ဆိုသည်။

ထပ်မံခန့်အပ်မည့် ဝန်ကြီးသစ်အဖြစ် ဒုဝန်ကြီး ဒေါက်တာသန်းအောင်ကို ရွေးချယ်ထားပြီး ၎င်းမှာ တပ်မတော်အစိုးရ လက်ထက်တွင် ကာကွယ်ရေး ဝန်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။ ယင်းအတွက် အမိန့်နာခံတတ်သည့် သဘော ရှိနေသောကြောင့် ပြောင်းလဲခန့်အပ်ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်ကြသည်။ ယင်းသို့ ဝန်ကြီးများ ပြောင်းလဲသော်လည်း ကျန်းမာရေးမူဝါဒ၊ ကျန်းမာရေးစနစ်များ မပြောင်းလဲပါက ထူးခြားလာမည် မဟုတ်ကြောင်း NLD ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက မှတ်ချက်ပြုသည်။

ယမန်နှစ် ဇူလိုင် ၂၆ ရက်နေ့ကလည်း သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့က ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီး ၁၆ ဦးကို ရာထူးပြောင်းရွှေ့ခြင်း၊ အသစ်ခန့်ခြင်းနှင့် နုတ်ထွက်စေခြင်းတို့ကို ပြုပြင်ပြောင်းလဲရေး အဖြစ် လုပ်ဆောင်သည်။

သမ္မတဦးသိန်းစိန် လက်ထက် ရာထူးမှ အနားပေးခံခဲ့ရသော ဝန်ကြီးများမှာ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်၊ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်၊ စာရင်းစစ်ချုပ် ဦးလွန်းမောင်နှင့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်တို့ ဖြစ်ကြသည်။

အရပ်သားများ၊ ပညာရှင်များ ပါဝင်သည့် ဝန်ကြီး ၁၁ ဦးကို ၂၀၁၂ ခုနှစ်တွင် ခန့်အပ်ခဲ့ချိန်က ပြည်သူများ၊ နိုင်ငံရေး အင်အားစုများက တိုင်းပြည် ပြုပြင်ပြောင်းလဲမှု စတင်ပြီဟု ကောင်းချီးပေးခဲ့ကြသည်။ သို့သော် ပြည်သူကောင်း ချီးပေးသော ဝန်ကြီးများ နုတ်ထွက်စာ အပြိုင်တင်ကြသောအခါ နောက်ကွယ်က အမှန်တရားကို စိတ်ဝင်စားလာကြသည်။

“အခုက ဝန်ကြီးတွေ အားလုံးကို သမ္မတရုံး ဝန်ကြီးတွေက ကိုင်ထားတာ။ သူတို့ခိုင်းတာ ကောင်းကောင်းလုပ်မယ့် သူပဲ ဝန်ကြီးခန့်တာ။ ပညာရေးဆိုလည်း ဒေါ်ခင်စန်းရီက ဦးတင်နိုင်သိန်း ထောက်ခံချက်နဲ့လေ။ ဒေါက်တာဖေသက်ခင်လည်း အဲဒီအတိုင်းပဲ။ ဘယ်သူ့မှ မလှုပ်ရဲကြဘူး။ ဦးဆန်းဆင့်လို ဖြစ်မှာလည်း ကြောက်ကြသေးတယ်” ဟု ပညာရေး ဝန်ကြီး ဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List