Saturday, August 02, 2014

လိုင်ဇာမှ ပြန်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များ အစိုးရတပ်၏ တားဆီးခံရ


လိုင်ဇာ၌ကျင်းပခဲ့သည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံမှ ပြန်လာကြသည့် တိုင်းရင်း သားခေါင်းဆောင်များ၏ ယာဉ်တန်းများအား ယနေ့တွင် နမ့်ဆမ်ယန်၌ မြန်မာအစိုးရတပ်က တားမြစ်ခဲ့ကာ ရှေ့ဆက် ခရီးဆက်နိုင်ရန် အခြေအတငညှိနှိုင်းခဲ့ရကြောင်း ခရီးစဉ်၌ လိုက်ပါခဲ့သူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ လိုင်ဇာကနေထွက်လာပြီး နမ့်ဆာယန်ကိုအရောက်မှာ အစိုးရတပ်က ဒုတိယဗိုလ်မှူးကြီး၊ ကျွန်တော်နာမည်တော့မမှတ်လိုက်ရဘူး၊ ခမရ (၃၈၂) တပ်ကတားတာ”ဟု ခရီးစဉ်၌ လိုက်ပါခဲ့သည့် DKBA တပ်မှ ဗိုလ်မှူးစောဆန်းအောင်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးကနောင်က မဇ္ဈိမကို ပြောသည်။

တားမြစ်ခံရခြင်း၏ အဓိကအကြောင်းမှာ တိုင်းရင်းသားခေါင်းဆောင်များနှင့် အတူလိုက်ပါလာသည့် ABSDF ကိုသံခဲ နှင့် ကိုမျိုးဝင်းအပါအ၀င် အဖွဲ့ဝင်ငါးဦးတို့အား နမ့်ဆန်ယန်ကို ဖြတ်သန်းကာ ခရီးသွားခွင့် မပြုခြင်းဖြစ်သည်။

ABSDF ဥက္ကဋ္ဌ ကိုသံခဲနှင့် အတွင်းရေးမှူး ကိုမျိုးဝင်းအပါအ၀င် အဖွဲ့ဝင်ငါးဦးတို့သည် မိုးကောင်းမြို့၌ ကျင်းပမည့် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် တိုင်းရင်းသား ခေါင်းဆောင် များ၏ အပြန်ခရီးစဉ်၌ လိုက်ပါလာကာ ၎င်းတို့ငါးဦးအားသွားခွင့်မပြုဟု ဆိုရာမှ အခြေအတင်ဖြစ်၍ အစိုးရတပ်နှင့် ညှိနှိုင်းခဲ့ရကြောင်း ဗိုလ်ကြီးကနောင်ကပြောသည်။

“သူတို့ကို သွားခွင့်မပြုဘူးဆိုရင် ကျွန်တော်တို့လည်းမသွားဘူး။ အားလုံးလိုင်ဇာပြန်မယ်ဆိုတော့ အဲမှာ အ ခြေအတင်တွေဖြစ်ကြတော့ ဟိုတပ်ကလည်း ပျာသွားပြီး သူတို့တပ်မမှူးဆီကို ဖုန်းတွေဘာတွေဆက်ပြီး ညှိနှိုင်းလိုက်ရတာ၊ ကျွန်တော်တို့လည်း အဲဒီမှာစောင့်နေရတာပေါ့”ဟု ၎င်းက ပြောကြားသည်။

အပြန်ခရီးစဉ်၌ တိုင်းရင်းသားခေါင်းဆောင်များ၏ ကားတန်းများအားလုံး တစ်စုတစ်စည်းတည်း ပြန်လာခဲ့ ကြသဖြင့် ထိုသို့ညှိနှိုင်းနေစဉ် ထိုနေရာ၌ တစ်နာရီ ခန့်စောင့်ဆိုင်းခဲ့ကြရကြောင်း ၎င်းက ဆက်ပြောသည်။

“လေယာဉ်ကြိုပြီး စီစဉ်ထားပေးတဲ့အတွက် တချို့ပါသွားပြီ။ ကျန်တဲ့တချို့က မနက်ဖြန် မနက်မှ ပြန်ဖြစ်လိမ့် မယ်”ဟု ခရီးစဉ်ကို ကူညီစီစဉ်ပေးသည့် ကေအိုင်အေ အရာရှိတစ်ဦးက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List