Friday, August 01, 2014

သတင်းသမားတွေ ဖမ်းဆီးခံနေရတာ သမ္မတက ဘယ်လိုကူညီမှာလဲ


ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့၊ တရားစွဲဆိုခံနေရတဲ့ သတင်းထောက်တွေ နစ်နာမှုမရှိအောင် သမ္မတက သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ ကူညီသွားမယ်လို့ သြဂုတ် ၁ရက်နေ့က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်။ သတင်းထောက်တွေကို သမ္မတက အရေးယူတာတွေ ပယ်ဖျက်ပေးတော့ မှာလား။


ယူနတီဂျာနယ်က သတင်းထောက်တွေ ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခံခဲ့ရတာ၊ Bi မွန်းတည့်နေဂျာနယ်က သတင်းအယ်ဒီတာ ၅ယောက်အပါအဝင် ကမာရွတ်ရဲစခန်းမှာ ပုဒ်မ ၁၈နဲ့ အရေးယူဖို့ ပြင်ဆင်နေမှုတွေကို ဘယ်လိုလုပ်ပေးမယ်ဆိုတာ အသေးစိတ်ပြောဆိုခဲ့တာ မရှိပါဘူး။

သမ္မတဦးသိန်းစိန်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ)က တာဝန်ရှိသူ ၇ယောက်တို့ နေပြည်တော် လယ်တော ရိပ်သာမှာ မနက် ၁ဝနာရီက တွေ့ဆုံခဲ့ပြီး စာနယ်ဇင်းကောင်စီဟာ အစိုးရနဲ့ သတင်းမီဒီယာတွေကြားက ကြားခံအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုတယ်လို့ သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။

အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင် ၃ခုနဲ့ သတင်းမီဒီယာတွေကြားက နားလည်မှုလွဲနေ တာတွေ၊ ပဋိပက္ခတွေ မဖြစ်စေဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပေးသွားမည်လို့လည်း သမ္မတက ကတိပေးခဲ့ပါတယ်။ သမ္မတနဲ့ စာနယ်ဇင်းကောင်စီ တွေ့ဆုံတဲ့နေ့မှာပဲ ပြည်ထောင်စုလွှတ်တော်က ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ပြန်ကြားရေးဝန်ကြီးအဖြစ်နဲ့ ခန့်အပ်တဲ့ကိစ္စ ကန့်ကွက်သူမရှိလို့ အတည်ပြုခဲ့ ပါတယ်။

ပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့ ဦးရဲထွဋ်နဲ့ မြန်မာသတင်းမီဒီယာသမားတွေ၊ စာနယ်ဇင်းကောင်စီကြားမှာ မပြေလည်မှုတွေ အများကြီးရှိခဲ့ပြီး အထူးသဖြင့် သတင်းမီဒီယာဥပဒေရေးဆွဲတဲ့အချိန်နဲ့ ပြန်ကြားရေးက တင်သွင်းထားတဲ့ အများပြည်သူဆိုင်ရာ မီဒီယာ PSM ဥပဒေကြမ်းမှာ အစိုးရက မီဒီယာကို လက်ဝါးကြီးအုပ် ချုပ်ကိုင်နေမှု၊ စွပ်စွဲနေမှုတွေနဲ့ စပ်လျဉ်းပြီး အပြန်အလှန် စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ဟာ မီဒီယာကိုမီဒီယာနဲ့တိုက်ဆိုတဲ့ ဆောင်ပုဒ်နဲ့ အစိုးရရဲ့ ဝါဒဖြန့်ချိရေး မူဝါဒကို တစိုက်မတ်မတ် အကောင်အထည်ဖော်ခဲ့တဲ့သူဖြစ်တယ်လို့ အမြဲလိုလို စွပ်စွဲခံနေရသူ တစ်ဦး လည်းဖြစ်ပြီး သတင်းမီဒီယာတွေအပေါ် ဆုံးမသလိုလိုနဲ့ တိုက်ခိုက်မှုတွေကို စနစ်တကျလုပ်တတ်သူလို့ လည်း ထင်ကြေးပေးခံနေရသူလည်း ဖြစ်ပါတယ်။

Kamayut Media

No comments:

Post a Comment

My Blog List