Saturday, August 02, 2014

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပေးမည်ဆိုသည့်ကတိ တည်မတည် စောင့်ကြည့်ပါဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား


၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပေးမည်ဆိုသည့်ကတိကို တည်မတည် စောင့်ကြည့်ပါဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။နေပြည်တော်တွင် သြဂုတ် ၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်နာယက၏ သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အားလုံးပြီးမြောက် အောင် ဆောင်ရွက်နိုင်မယ်လို့ မိမိတို့ ယုံကြည်ပါတယ်။ ကြိုးစားလည်း ဆောင်ရွက်နေပါတယ်။ ဒါကြောင့် မို့လို့ ဟုတ်ခြင်း၊ မဟုတ်ခြင်းဆိုတာတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ။ မိမိတို့ရဲ့ ပေးထားတဲ့ကတိကို ကတိအတိုင်းဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် သတင်းထောက်တစ်ဦး မေးမြန်းသည့် “လက်ရှိလွှတ်တော်တွင်း ဖွဲ့စည်းဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းပိုင်းဆိုင်ရာ ပြီးစီးနေမှု အခြေအနေအား သိလိုကြောင်း” မေးခွန်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယကက ဖြေကြားရာတွင် “မိမိဘက် ကတော့ ပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်လောက်အထိ ပြီးသွားပြီ လဲဆိုတာကို အတိအကျ မပြောနိုင်သေးသော်လည်း လောလောဆယ် လွှတ်တော်ကို တင်ပြနိုင်ဖို့အတွက် ရာခိုင်နှုန်း ၈၀ ခန့် ပြီးနေပါပြီ။ ဒါကြောင့်မို့ လာမယ့်လွှတ်တော်ကာလမှာ ဥပဒေကြမ်းအဖြစ် လွှတ်တော်ကို တင်သွင်းနိုင်ဖို့ စပြီးဆောင်ရွက်နေပါပြီ” ဟု ထည့်သွင်းပြောကြားသည်။

ဒီမိုကရေစီစနစ်ဆိုသည်မှာ နိုင်ငံရေးဗျူဟာအပြင် ပြည်သူ့မျက်နှာကိုပါ ကြည့်ရသည့်စနစ်ဖြစ်ကြောင်း ကိုလည်း သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။ ပြည်ထောင်စုလွှတ်တော်နာယက၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေနှင့် ဦးသိန်းဇော်တို့ ပါဝင်ခဲ့ကြသည်။


Eleven Media Group

No comments:

Post a Comment

My Blog List