Saturday, August 02, 2014

ဘုံသဘောတူညီချက် ရရှိရန် နိုင်ငံရေးမူဝါဒ အလျှော့အတင်း လုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မြန်မာနိုင်ငံတွင် နိုင်ငံရေး ဘုံသဘောတူညီချက် ရရှိရန်အတွက် နိုင်ငံရေး အင်အားစုများ တွေ့ဆုံကာ မူဝါဒ များကို အလျှော့အတင်းလုပ်ယူမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

သြဂုတ်လ ၁ ရက်နေ့ ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီရုံးခန်း တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ဒီမိုကရေစီအခြေခံက ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီး သဘောတူညီမှု ယူရမယ်။ တစ်ယောက်နဲ့ တစ်ယောက် အလျှော့အတင်းလုပ်ပြီး အပေးအယူလုပ်ရမယ်။ ဒီလိုမှရမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြဿနာတွေကို နောက်ဆုံး မှာတော့ ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲနဲ့ ဘယ်တော့မှ မရဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် နိုင်ငံရေး အင်အားစုများအကြား ဘုံသဘောတူညီမှု မရှိသောကြောင့် မြန်မာနိုင်ငံရေးမှာ စိုးရိမ် ဖွယ်ဖြစ်နေကြောင်း ပြည်တွင်းပြည်ပ နိုင်ငံရေး လေ့လာသူများက သုံးသပ် ထောက်ပြထားသည်။

“နိုင်ငံရေး သဘောတူညီချက် မရှိဘူးဆိုတာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ PR တင်သွင်း ဆွေးနွေးတာကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ မိမိပါတီရဲ့ ရပ်တည်ချက်တွေကို ဆုပ်ကိုင်ပြီး ဆန့်ကျင်ဘက်မှာ ရပ်တည်နေ ကြတာက စိုးရိမ်စရာ အခြေအနေပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။

သို့သော်လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ကြည့်ပြီး ညှိနှိုင်း ဆွေးနွေးမှုများသည် နိုင်ငံရေးအင်အားစု များ အားလုံး လက်ခံကျင့်သုံးရေးကို စဉ်းစားသုံးသပ်ရန် အချိန်ကျရောက်နေကြောင်း ၎င်းကဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်အတွင်း အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီက စိစစ်လျက်ရှိသော်လည်း NLD ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူလူထု ဆန္ဒပြုလက်မှတ် ငါးသန်းကျော် လက်ခံရရှိထားကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးကို အမျိုးသားလွှတ်တော်တွင် အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်တွင် ကျင့်သုံးနိုင်ရေး လေ့လာသုံးသပ်ရေး ကော်မတီကို ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖွဲ့စည်းထားလျက် ရှိသည်။

PR စနစ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်း မရှိဘဲ ပါတီအချို့ အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ရင်းသားပါတီ ခြောက်ပါတီတို့က ဇူလိုင်လ ၅ ရက်နေ့ ရက်စွဲဖြင့် ပူးတွဲကြေညာချက် ထုတ်ပြန်ထား သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော် နာယကတို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက စာပေးပို့ တောင်းဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List