AGD ဘဏ် ရှယ်ယာအများစု ဝယ်ယူလိုက်ခြင်းဖြင့် ဦးနေဝင်းမျိုးဆက်၏ ပေါ်ပေါ်ထင်ထင် လှုပ်ရှားမှုကို စတင်အချက်ပြ လိုက်ပြီ ဖြစ်သည်။ လူစိတ်ဝင်စားမှု များလာသည့် အာဏာရှင်ဟောင်း ဦးနေဝင်းမြေး မိသားစုမှ သားကြီး ဦးအေးနေဝင်း ကို ၎င်းတို့မိသားစု စီးပွားရေးရာကိစ္စများ အပါအဝင် ၎င်း၏ မြန်မာ့နိုင်ငံရေးအပေါ် အမြင်နှင့် ရပ်တည်ချက်အချို့ကို သွားရောက် တွေ့ဆုံ မေးမြန်းထားသည်များမှ ကောက်နုတ် တင်ပြလိုက်ပါသည်။
Voice : အစ်ကိုတို့ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ထောင်က ထွက်လာတာဆိုတော့ အပြင်မှာ ကိုးလလောက် ရှိပြီပေါ့။ အဲဒီအချိန် အတွင်းမှာ အစ်ကို ပြောထားဖူးတဲ့ အမျိုးသားနိုင်ငံရေးကို ဘယ်လိုပုံဖော်ဖြစ်လဲ။
ANW : ကျွန်တော်ပြောရရင် အမျိုးသားနိုင်ငံရေး ဆိုတာကိုက မှားနေတာ။ ပထမတစ်ချက် ပြောရရင် တချို့က တပ်မတော်အစိုးရ လက်ထက်ကတည်းက နားငြီးနေအောင် ကြားလိုက်ရတဲ့အတွက်။ ကျွန်တော် ပြောတဲ့အထဲမှာ အမျိုးသားနိုင်ငံရေး လုပ်ပါ့မယ်လို့ တစ်ခွန်းမှ မပါခဲ့ဘူး။ တကယ်တမ်း အင်တာဗျူးမှာ ပြောခဲ့တာက အမျိုးသားနိုင်ငံရေး ဆိုတာ မပါဘူး။ ဘာပဲ ပြောခဲ့သလဲဆိုတော့ ကျွန်တော်သည် ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူး။ ပါတီထောင်မှာ မဟုတ်ဘူး။ ထောင်ပြီးသား ပါတီကိုလည်း ဝင်မပါဘူး။ အဓိက မိသားစု ယုံကြည်ချက်။ အချက်လေးချက်ပဲ။ အဲဒါက ကိုယ့်နိုင်ငံကို ကျူးကျော်စော်ကားတဲ့လူ ရှိလာရင်၊ ပြည်တွင်းကပဲ ခွဲထွက်မယ့် ကိစ္စမျိုး ဖြစ်လာရင်၊ ဗုဒ္ဓဘာသာ သာသနာတော်ကို စော်ကားမော်ကား လုပ်လာရင်၊ တပ်မတော်ရဲ့ အစဉ်အလာကို သိမ်ဖျဉ်းအောင် လုပ်လာရင်သော် လည်းကောင်း၊ ဒါမျိုးဆိုရင်တော့ ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ဟာကို နိုင်ငံသား တစ်ယောက် အနေနဲ့ အမျိုးသားရေး တာဝန်တစ်ခု အနေနဲ့ လုပ်မယ်။ ဒီလိုပဲ ပြောခဲ့တယ်။
Voice : အစ်ကိုပြောတဲ့ အချက်လေးချက်နဲ့ တိုင်းရင် လက်ရှိအခြေအနေမှာ ဘာတွေလုပ်နေလဲ။
ANW : အဲဒီအချက် လေးချက်နဲ့ တိုင်းပြီး ဘာလုပ်လဲ ဆိုတာထက် ပါတီမှာ မပါဘဲနဲ့ ကျွန်တော် ဘာလုပ်နေလဲ ရှင်းပြမယ်။ ကျွန်တော်တို့ မိသားစုရဲ့ အနေအထားအရ အသိုင်းအဝိုင်းကြီးတော့ နိုင်ငံရေးပါတီကြီးတွေ အားလုံးလောက်နီးနီးက ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကြတယ်။ ဒါကြောင့် ခုချိန်မှာ ကျွန်တော်တို့က နိုင်ငံရေးပါတီ တစ်ခုမှာ ပါဝင်ပြီးလုပ်ဖို့ မသင့်တော်ပါဘူး။ တစ်ဖက်ကလည်း မိသားစုရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ လုပ်နေတာ ရှိတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့က တကယ်စိုးရိမ်စရာ ကောင်းလောက်တဲ့ အနေအထားမျိုး။ ဝင်လုပ်ရမယ့် အနေအထားမျိုး မတွေ့သေးပါဘူး။ လက်ရှိနိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရရော၊ လွှတ်တော်ရော အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေမှာ ပါနေတဲ့ ခေါင်းဆောင်တွေ ဘယ်သူတွေပဲလုပ်လုပ် သူတို့သည် တိုင်းပြည်ကောင်းအောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲလို အချိန်မျိုးမှာ ကိုယ်ကိုယ်တိုင်က ရှေ့ထွက်ပြီးတော့ ကိုယ်တိုင်ပါမှ တိုင်းပြည်ကောင်းစားမယ် ဆိုတာမျိုး ကျွန်တော့်မှာ မရှိပါဘူး။
Voice : အရှိန်အဝါနဲ့ စီးပွားရေး လုပ်ခဲ့တာ မရှိဘူးလို့ အစ်ကို ပြောခဲ့တာ ရှိပါတယ်။ အဲဒီတော့ အစ်ကိုတို့ မိဘ လက်ထက်ကတည်းက ဘယ်လို စီးပွားရေးမျိုးတွေ လုပ်ခဲ့ပြီး ခုရော ဘယ်လို စီးပွားရေးမျိုးတွေ လုပ်နေလဲဆိုတာ စိတ်ဝင်စားနေကြတယ်။ ခုတလောမှာ AGD ဘဏ်ကိုလည်း အစ်ကို့ညီ ကိုကျော်နေဝင်းက ဝယ်ထားတယ်ဆိုတော့။
ANW : စီးပွားရေးနဲ့ ပတ်သက်လို့က မြန်မာနိုင်ငံက ၁၉၈၈ ခုနှစ်မှာ ဈေးကွက်စီးပွားရေးစနစ် စကျင့်သုံးတယ်။ အဲဒီအချိန်မတိုင်ခင် ကျွန်တော့်မိဘတွေက နိုင်ငံ့ဝန်ထမ်းတွေ။ နိုင်ငံ့ဝန်ထမ်းကနေ ပြီးတော့ အဖေက ၈၈ ခုနှစ်မှာ အငြိမ်းစားယူပြီး စီးပွားရေး စလုပ်တယ်။ ပေါင်းစပ်လုပ်ငန်း အတိုင်ပင်ခံ ဝန်ဆောင်မှု ကုမ္ပဏီ ထောင်တယ်။ အဲဒါဟာ မြန်မာနိုင်ငံကုမ္ပဏီများ မှတ်ပုံတင်ဌာနမှာ ပထမဦးဆုံး မှတ်ပုံတင်တဲ့ ကုမ္ပဏီတစ်ခုပဲ။
အဲဒါကို မပြောခင် ကျွန်တော့်အဖေ ဦးအေးဇော်ဝင်း ဝန်ထမ်းဘဝမှာကတည်းက သူ့ရဲ့ အနေအထား ဘယ်လိုရှိခဲ့သလဲ ဆိုတာကို ပြောပါမယ်။ အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားပြီး ပြန်လာတော့ သူတာဝန်ယူရတဲ့ ပြည်သူ့ပုလဲနဲ့ ရေလုပ်ငန်း ကော်ပိုရေးရှင်းကို နိုင်ငံအတွက် တကယ်ကို အကျိုးပြုနိုင်တဲ့ ဌာနကြီး ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့တယ်။ အဲဒါ ၁၉၈၀ ပြည့်လွန် နှစ်တွေကပေါ့။ သူတာဝန် မယူခင် အဲဒီဌာနက တစ်နှစ်တစ်နှစ်ကို အဲဒီခေတ်က ကျပ်ငွေ လေးကုဋေ အရှုံးပေါ်တယ်။ သူတာဝန်ယူလိုက်တဲ့ နှစ်မှာပဲ နောက်နှစ် ဘတ်ဂျက်မှာကျတော့ တစ်ကုဋေကျော်ကျော်ပဲ အရှုံးပေါ်တော့တယ်။ နောက်ပိုင်း နှစ်တွေကျတော့ နိုင်ငံ့အတွက် အကျိုးအမြတ်တွေ အများကြီးရတဲ့ အခြေအနေ ဖြစ်သွားတယ်။ သူဒီလိုမျိုး စီးပွားရေး အမြင်တွေ ရှိခဲ့တယ်။ သူက စင်ကာပူနိုင်ငံတို့၊ ဂျပန်နိုင်ငံတို့ကို အစိုးရတာဝန်နဲ့ သွားရင်းနဲ့လည်း မိတ်ဆွေတွေ အများကြီး ရခဲ့တယ်။ အဲဒီကနေပြီး အစ်ကိုတို့ စီးပွားရေးလုပ်တော့ သူရှိခဲ့တဲ့ အဆက်အသွယ်ရယ် တာဝန်ယူခဲ့တဲ့ အတွေ့အကြုံရယ်နဲ့ ကုမ္ပဏီတစ်ခု ထောင်တာပေါ့။ နောက်ပိုင်း ဟိုတယ်လုပ်ငန်း အပါအဝင် တခြား အလုပ်တွေ အများကြီး လုပ်ခဲ့တယ်။ တကယ်တမ်း သံသယရှိလို့ ပြောတဲ့သူရှိရင် မေးလာမယ်ဆိုရင် ကျွန်တော်တို့ သမာသမတ်ကျကျ လုပ်ခဲ့တယ်ဆိုတာ အကုန်လုံး ပြလို့ရတယ်။ အထောက်အထား အကုန်ရှိတယ်။
၁၉၉၂၊ ၉၃ လောက်မှာတော့ အမေကိုယ်တိုင်ကပါ ဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားယူပြီးတော့ စီးပွားရေး လုပ်တယ်။ ဟိုတယ်ကို လုပ်တော့ အမေနဲ့ အဖေနဲ့ ပေါင်းပြီးတော့ လုပ်တယ်။ ဒီဟိုတယ်ထဲမှာ ရှိတဲ့ ရုံးခန်းမှာ အဖေက တခြားပို့ကုန်၊ သွင်းကုန်လိုဟာမျိုး၊ နောက် အမေကကျတော့ သူကျွမ်းကျင် ဝါသနာပါတဲ့ လုပ်ငန်းဖြစ်တဲ့ ပုဂ္ဂလိကဆေးရုံနဲ့ ဆေးရုံကိုယ်စားလှယ် ဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်တယ်။ နောက်ပြီးတော့ အရေးပေါ်အဆင့်မြင့် ဆေးခန်းတစ်ခု တည်ထောင်ပြီး ဝန်ဆောင်မှု ပေးခဲ့တာမျိုး လုပ်ခဲ့တယ်။ ဒီလို လုပ်ငန်းတွေနဲ့ ကျွန်တော်တို့က ကြီးပြင်းလာတယ်လို့ ပြောလို့ ရတာပေါ့။ အဲဒီကနေပြီးတော့ အောင်မြင်မှုတွေ ရှိခဲ့တယ်။ နောက် အဖေဆိုရင် စက်ရုံတွေ လုပ်တာရှိတယ်။ ဆီအုန်း စိုက်ပျိုးရေးတွေ ဧကထောင်နဲ့ ချီပြီး လုပ်ခဲ့တာ ရှိတယ်။ ဒါတွေက အကြမ်းဖျင်း ပြောပြတာပေါ့။ အသေးစိတ်တော့ မဟုတ်ဘူး။ သယံဇာတထုတ်ပြီး လုပ်တာမျိုးတွေ မလုပ်ဘူး။ နောက်ပိုင်း ကိုကျော်နေဝင်းတို့ကျတော့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ ထောင်ပြီးတော့ လုပ်ခဲ့တာ ရှိတယ်။ အကြမ်းဖျင်း ပြောတာပေါ့။ အခုတော့ မလုပ်တော့ဘူး။ ဒါက ထောင်ထဲ မရောက်ခင် လုပ်ခဲ့တာတွေပေါ့။ ထောင်ထဲ ရောက်တော့လည်း အံ့သြစရာကောင်းတာက အဲဒီအချိန် အဲဒီအခါ အစိုးရက ကျွန်တော်တို့ကို ထောင်ချတော့လည်း နိုင်ငံရေးနဲ့ ပတ်သက်လို့ အကြီးဆုံး ပုဒ်မနဲ့ တင်တယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ကလည်း စီးပွားရေး မလျော်ကန်မှုတွေ ရှိတယ်ဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြီး ပြောချလိုက်တယ်။ အဲဒါက ဖမ်းပြီး တစ်ရက် နှစ်ရက်လောက်မှာ ပြောချလိုက်တာ။ အဲဒီနောက်ပိုင်း လပိုင်းအတွင်းမှာ ကျွန်တော်တို့ ကုမ္ပဏီတွေကို အကုန်လုံး အစအဆုံး ပြန်ရှာပြီးတော့ စစ်ဆေးတော့ ကျွန်တော်တို့ဘက်က မလျော်ကန်ထားတာ ဘာမှမရှိတဲ့အတွက် ပိုင်ဆိုင်မှုတွေရော၊ ကုမ္ပဏီတွေရော၊ ငွေစာရင်းတွေရော တစ်ခုမှ အပိတ်ခံရတာ အသိမ်းခံရတာ မရှိဘူး။ ကျန်တဲ့လူတွေနဲ့ လွှဲအပ်ပြီးတော့ ဆက်လုပ်ထားနိုင်ခွင့် ရှိတယ်။ သူတို့ အစိုးရက သိမ်းချင်တာတောင်မှ သိမ်းဖို့ အပြစ်ရှာလို့မရတဲ့ အခြေအနေမျိုး ဖြစ်တယ်။
ဒါပေမဲ့ တစ်ဖက်ကကျတော့ ဘယ်လို နစ်နာမှု ရှိလဲဆိုတော့ မိသားစုတစ်စုလုံး မလုပ်နိုင်အောင် သူတို့က ဖမ်းချုပ်ထားတာ ဖြစ်တဲ့အတွက် ကျန်တဲ့ အခြားအောက်လက် ငယ်သားတွေနဲ့ လွှဲထားတော့ သူတို့အနေနဲ့က လုပ်ရကိုင်ရတာ အားမရှိတဲ့အတွက် လုပ်ငန်းအသက်ရှင် တင်ကျန်ရေးလောက်ကိုပဲ ကြိုးစားပြီး သူတို့လုပ်ခဲ့တယ်။ အောင်မြင်သင့်သလောက် အောင်မြင်အောင် တိုးတက်သင့်သလောက် တိုးတက်အောင် မလုပ်ခဲ့နိုင်ဘူး။ ကံကောင်းတာက ကျွန်တော်တို့ ပြန်ထွက်လာတဲ့အချိန်မှာ လုံးပါးပါးပြီး ဆုံးရှုံးသွားရတဲ့ အနေထားမျိုးတော့ မဟုတ်ဘူး။ အဲဒါမျိုး ဖြစ်တဲ့အတွက် အခုချိန်မှာ ပြန်ပြီးတော့ လုပ်သင့် လုပ်ထိုက်တာကို လုပ်နေတယ်။ အခု ကိုးလ အတွင်းမှာတော့ ခက်ခက်ခဲခဲ လုပ်နေရတယ် ဆိုတာမျိုးတော့ မပြောချင်ဘူး။ လုပ်စရာ ကိစ္စတွေကတော့ လုပ်နိုင်တာထက် များနေတာပေါ့လေ။ ဥပမာ- ဒီဟိုတယ် (နဝရတ်ဟိုတယ်) ဆိုရင် အခုက သူ့ရဲ့ ဖောင်ဒေးရှင်းက သုံးထပ်ပဲ ဆောက်လို့ရအောင် လုပ်ထားတာ။ အဲဒါကို ကျွန်တော်တို့က ပြန်ဖျက်ပြီးတော့ အထပ်မြင့် ဆောက်လို့ရအောင် ပြန်လုပ်ရမှာ။ အကုန်လုံး အခြေခံက ပြန်လုပ်ရမယ့် အနေအထားမျိုးတွေ ရှိနေတယ်။
Voice : ဒါဆို လက်ရှိ အစ်ကိုတို့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ငန်း ဘယ်နှခုလောက် လုပ်နေတာလဲ။
ANW : တစ်ချိန်ကျရင်တော့ ထုတ်ပြန်သွားမှာပါ။ အဲဒါက ပြောရခက်သေးတယ်။ ကျွန်တော်တို့ ကိုယ်တိုင်တောင် မသိသေးသလို ကမ်းလှမ်းထားတဲ့ လုပ်ငန်းတွေကလည်း အများကြီး ရှိသေးတယ်။ လက်ရှိ လုပ်နေတာပဲ ဆိုရင်တော့ မိသားစုတစ်ခုလုံး ဝိုင်းလုပ်တာနဲ့ဆိုရင် ရာဂဏန်း မပြည့်သေးပေမယ့် ဆယ်ဂဏန်း တော်တော်များများတော့ ရှိပြီပေါ့။
Voice : အစ်ကိုတို့ ညီအစ်ကို သုံးယောက်မှာ ဘယ်သူက နိုင်ငံရေး စိတ်ဝင်စားပြီး ဘယ်သူက စီးပွားရေး လုပ်တာလဲ။ သုံးယောက်လုံးက တစ်စီးပွားတည်းလား။ နိုင်ငံရေးမှာ အစ်ကိုက ပိုပြီးတော့ စိတ်ဝင်စားတာလား။
ANW : အားလုံးက တစ်စီးပွားတည်းပါပဲ။ နိုင်ငံရေးမှာလည်း အဲလိုဆိုတာထက် အားလုံးက မူဝါဒလမ်းစဉ် တစ်ခုတည်း သွားနေတာပဲ။ ကျွန်တော်ကိုယ်တိုင် နိုင်ငံရေးနဲ့ ဥပဒေရေးရာအတွက် ပြောလိုက်တာကလည်း ဒါ ကျွန်တော့်မိသားစု တစ်ခုလုံးရဲ့ ရပ်တည်ချက်ပဲ။ ကျွန်တော့်ညီ ကျော်နေဝင်း ပြောတာ ဆိုရင်လည်း မိသားစု တစ်ခုလုံးရဲ့ စီးပွားရေးကို လုပ်ကိုင်နေတာအတွက် ပြောတာပဲ။ အားလုံး တိုင်တိုင်ပင်ပင်နဲ့ လုပ်ကြတာ။ ကိုဇွဲနေဝင်းကလည်း ကျွန်တော်တို့ နှစ်ယောက်လုံး လိုအပ်တဲ့နေရာမှာ သူအကုန်လုံး ကူညီတာ။ ညီအစ်ကိုတွေထဲမှာ ဘယ်သူက ဦးဆောင်ပြီး ဘယ်သူက နောက်လိုက်လို့ တစ်သမတ်တည်း မရှိပါဘူး။
Voice : အခုက ၂၀၁၅ လည်း နီးလာပြီဆိုတော့ ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် ပါဝင်လာဖို့ ရှိမလား။
ANW : ကျွန်တော် အဲဒီမှာတင် မကဘူး။ ခု ၂၀၁၄ မှာလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာရော ကျွန်တော် ဝင်ရွေးခံဖို့လည်း အစီအစဉ် မရှိဘူး။ ပါတီတစ်ခုခုကို ဝင်ပြီးတော့ အားပေးဖို့၊ လှုပ်ရှားဖို့ ဆိုတာလည်း အစီအစဉ် မရှိပါဘူး။ တစ်သီးပုဂ္ဂလလည်း ကျွန်တော်မပါပါဘူး။ ပါတီတစ်ခုခုကို ငွေကြေး ထောက်ပံ့တာမျိုး၊ ကူညီတာမျိုးလည်း မရှိပါဘူး။
Voice : ဒါဆို အစ်ကို မဲပေးဖို့ အစီအစဉ်ရော ရှိလား။
ANW : မဲလည်းပေးဖို့ အစီအစဉ် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအခြေခံဥပဒေအပေါ် ယုံကြည်မှု မရှိလို့ပါ။
Voice : အစ်ကိုက မဲမပေးဘူးဆိုတော့ ဘယ်လို အခြေအနေမှာ မဲပေးမှာလဲ။ အားလုံးသာ မဲမပေးရင် နိုင်ငံက ဘယ်မှရောက်မှာ မဟုတ်ဘူးလို့လည်း ပြောကြတာ ရှိတယ်။ နိုင်ငံသားတိုင်းမှာ မဲပေးဖို့ တာဝန်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောထားဖူးတယ်။
ANW : မဲပေးဖို့က အားလုံးမှာ တာဝန်ရှိတယ် ဆိုတာတော့ ဘယ်တုန်းကပြောလဲ မသိဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားထဲမှာ ကိုယ်ယုံကြည်တဲ့ဟာမျိုး မရှိလို့ ကိုယ်ယုံကြည်တဲ့မဲကို ပေးနိုင်မယ့် အနေအထားမျိုး မရှိရင်လည်း မဲမပေးဘဲ နေဖို့ ပြောတာလည်း ရှိတယ်။ သူ့စကားကို ကိုယ်လုပ်တဲ့ လုပ်ရပ်က တိုက်ရိုက်ကြီး ဆန့်ကျင်တာမျိုးတော့ မဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ နိုင်ငံရေး အခင်းအကျင်း တိုင်းပြည်ရဲ့ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း ပေါ်လာတဲ့ တစ်နေ့ကျရင် ကျွန်တော် မဲပေးမှာပါ။
Voice : ဘာကြောင့် အခြေခံဥပဒေကို မယုံကြည်တာပါလဲ။
ANW : အခြေခံဥပဒေရဲ့ အားနည်းချက်တွေ အများကြီးပါ။ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ အခြေခံဥပဒေ သုံးခု ရှိတဲ့အထဲမှာ ပြူးတူးပြဲတဲနဲ့ စိတ်ဝမ်းကွဲမှု အများဆုံး ဖန်တီးထားတဲ့ အခြေခံဥပဒေဟာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်တယ်။ ဒီအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ အချက်အလက်တွေ ကောင်းတာ မကောင်းတာ ခဏထား။ အခြေခံဥပဒေတစ်ခု ပြဋ္ဌာန်းတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။ ပြည်သူလူထုတွေကို အမျိုးသားစည်းလုံး ညီညွတ်ရေးရယူဖို့။ ပါတီတစ်ခုနဲ့ တစ်ခုက မူဝါဒချင်း မတူရင် မတူဘူး။ သို့သော် တကယ်တမ်း ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝတဲ့ နိုင်ငံတွေမှာဆို ဘယ်ပါတီကမဆို၊ ဘယ်အဖွဲ့အစည်းက မဆို အခြေခံဥပဒေ အပေါ်မှာတော့ သက်ဝင်ယုံကြည် လေးစားမှု ဆိုတဲ့ တူညီတဲ့ သဘာဝလက္ခဏာတော့ ရှိရစမြဲပဲ။ ဒီမှာတော့ အခြေခံဥပဒေသည် အားလုံးရဲ့ ဆုံမှတ်တစ်ခု ညီညွတ်မှုကို ပေးနိုင်ဖို့ နေနေသာသာ ကိုယ့်ပါတီ အချင်းချင်းမှာတောင်မှ ဒီအခြေခံဥပဒေ ပြင်ဆင်ရေးကို ဘယ်လိုချဉ်းကပ်ကြမလဲ။ ဒီတိုင်း ဆက်ထားကြမလား ဆိုတဲ့ဟာမျိုးက အငြင်းပွားစရာ စိတ်ဝမ်းကွဲစရာ အရင်းအမြစ်ကြီး ဖြစ်နေတဲ့အတွက် ကျွန်တော် ဒီအခြေခံဥပဒေကို မယုံကြည်နိုင်ဘူး။ နောက်ပြီးတော့ ဒီထဲမှာပါတဲ့ အချက်အလက်တွေထဲမှာလည်း လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်။ အများကြီး ပြောရင်တော့ စာတမ်းတစ်ခုလောက် ရေးပြီး ပြောရမယ်။ ထင်ရှားတဲ့ အချက်ကိုပြောရရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို ဘယ်အချိန်မှာ အငြိမ်းစားယူရမယ် ဆိုတဲ့ အသက် သတ်မှတ်ထားတာမျိုး။ အဲဒါမျိုးက မဖြစ်သင့်ဘူး။ တရားရေးမဏ္ဍိုင်ကို တိမ်းစောင်းနိုင်တယ်။ အဲဒီတော့ ကန့်သတ်ချက် မထားဘဲနဲ့ ကျန်းမာသန်စွမ်းသရွေ့သော် လည်းကောင်း၊ အကျင့်စာရိတ္တ ဖောက်ပြန်တဲ့ အပြုမူတစ်ခုခုကို မလုပ်လာတဲ့ အချိန်ထိသော် လည်းကောင်း သူတို့ကို လွတ်လွတ်လပ်လပ်နဲ့ တရားစီရင်ခွင့် ပေးသင့်တယ်။ အခုဟာက ၇၅ နှစ်အထိပဲ ဆောင်ရွက်နိုင်တယ်လို့ ရေးထားတော့ တရားသူကြီးတွေ အနေနဲ့ စိတ်အေးလက်အေးနဲ့ တရားစီရင်လို့ မရဘူး။ ထိုနည်းတူစွာပဲ ဒါက ကျွန်တော့်အမြင်နဲ့ ပြောရရင် လွှတ်တော် တရားသူကြီးချုပ်တွေသာ မကဘူး။ ရွေးကောက်ပွဲ ကော်မရှင်တို့လိုမျိုး။ နိုင်ငံရေးမှာတော့ ပါနေတယ်။ သို့သော် ပါတီနိုင်ငံရေးနဲ့ မပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကို သူတို့ကို ရာသက်ပန် တာဝန်ပေးသင့်တယ်။
Voice : အစ်ကို့အနေနဲ့ အခြေခံဥပဒေကို ပြင်တာနဲ့ အသစ်ရေးတာ ဘယ်ဟာဖြစ်သင့်တယ် ထင်လဲ။ ဒီတိုင်းပြည်အတွက် ဘယ်လိုအုပ်ချုပ်ရေး စနစ်မျိုး ဖြစ်သင့်တယ် မြင်လဲ။
ANW : ဒီအခြေခံဥပဒေကို ပြင်ဆင်ချင်တဲ့သူတွေက တစ်ပိုင်း။ သေချာပြီ ပြင်ကို ပြင်ချင်တာ။ မပြင်ဘဲ ဒီတိုင်းထားမယ်။ ဒီအခြေခံဥပဒေကို ကောင်းလှပါချည်ရဲ့လို့ ပြောတဲ့ လူတွေထဲမှာတောင်မှ လက်ရှိ ဒီအခြေခံဥပဒေက မရှိလို့ မဖြစ်ဘူး။ သို့သော် ဒီအခြေခံ ဥပဒေကြီးကလည်း ခြောက်ပြစ်ကင်းသဲလဲစင် အားလုံး ကောင်းနေတဲ့ဟာ မဟုတ်ဘူးလို့ ပြောလာတယ်။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမဦးဆုံး လွှတ်တော် စကျင်းပပြီးတော့ နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းထဲမှာကိုက အခြေခံဥပဒေကို ပြင်ဆင်ချင်တဲ့ ပုဂ္ဂိုလ်တွေ ရှိရင်လည်းပဲ အားလုံး လွှတ်တော်ထဲကို လာခဲ့ပါ။ လက်တွဲပြီးတော့ အဖြေတစ်ခု ရှာပါမယ်လို့ ပြောခဲ့တယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း တချို့က သမ္မတကို အားမရတာမျိုး ပြောတာလည်း တစ်ပိုင်းပေါ့။ ဒါကို ကျွန်တော် မဝေဖန်ချင်ဘူး။ ဒါပေမဲ့ တစ်ခု လူတွေ သတိထားဖို့ လိုနေတာက ကမ္ဘာပေါ်မှာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားမှာ အခြေခံဥပဒေ အပေါ်မှာ အသက်နဲ့ လဲပြီးတော့ ကာကွယ် စောင့်ရှောက်ပါမယ်။ ဒီအခြေခံဥပဒေသည် ပြည်သူလူထုရဲ့ နှလုံးသည်းပွတ် ဖြစ်ပါတယ်ဆိုတဲ့ အနေထားမျိုးတွေပဲ ပြောတာရှိတယ်။ ဘယ်သမ္မတကမှ အခြေခံဥပဒေရဲ့ အားနည်းချက်တွေကို ပြင်ကြပါစို့ ဆိုတဲ့ဟာမျိုးကို စစတက်တဲ့၊ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အနေအထားမှာ ပြောတာမျိုး မရှိဖူးဘူး။ အဲဒါကိုယ်တိုင်က ကျွန်တော်တို့ နိုင်ငံအစိုးရ၊ ကျွန်တော်တို့နိုင်ငံ အခြေခံဥပဒေရဲ့ ထူးခြားတဲ့ ဂုဏ်ထူး ဝိသေသကြီးလို့ ပြောချင်တယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့ အားလုံး တစ်ဖက်နဲ့ တစ်ဖက် အမျိုးသားရင်ကြားစေ့ရေးကို လုပ်မယ်၊ ယုံကြည်မှု တည်ဆောက်ပြီး လုပ်မယ်ဆိုရင် အခြေခံ ဥပဒေပြင်ဖို့၊ အသစ်ရေးဆွဲဖို့က အခက်ခဲ မရှိလောက်ဘူး။ အဓိကသော့ချက်က အမျိုးသား ရင်ကြားစေ့ရေးပဲ။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်ပြီး လုပ်လာရင် ဒါပြင်ဖို့က မခဲယဉ်းဘူး။
အခြေခံဥပဒေပြင်ဖို့ ခက်ခဲတယ်ဆိုတာ လွှတ်တော်ထဲမှာ ပါတီတွေ အများကြီး ရှိနေရင် တစ်မျိုးပေါ့။ ခုက နိုင်ငံရေးပါတီ တစ်ခုတည်းက တစ်ခဲနက်သော လွှမ်းမိုးမှုကို လွှတ်တော်ထဲမှာ ရယူထားတယ်။ အဲတော့ အမျိုးသားရင်ကြားစေ့ရေးသာ ရှိမယ်ဆို ဒီနေ့ရှိမယ်ဆို သုံးလအတွင်း ပြောင်းလို့ရတယ်။ မနက်ဖြန် ပြောင်းမယ်ဆိုလည်း ပြောင်းလို့ရတယ်။ ဘာလို့လဲဆိုတော့ လိုက်ပြီးတော့ ပါတီတွေကို ကောက်သင်းကောက် စည်းရုံးနေစရာလည်း မလိုဘူး။ ပါတီတစ်ခုရဲ့ ပါဝင်လိုမှု ဆန္ဒပေါ်မှာပဲ မူတည်တယ်။ ကြံ့ခိုင်ရေး ပါတီကသာ ဆန္ဒရှိမယ်ဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးသည် ထမင်းစား ရေသောက်လောက်ကို အင်မတန် လွယ်ကူတဲ့ကိစ္စ ဖြစ်သွားမယ်။ ဒီပါတီ ထောက်ခံမှုကို မရဘူးဆိုရင်တော့ ဒီအခြေခံဥပဒေ ပြင်ဆင်ဖို့က လုံးဝ မဖြစ်နိုင်လောက်အောင် ဖြစ်သွားမယ်။
Voice : အခု သုံးပွင့်ဆိုင် လေးပွင့်ဆိုင်ကနေ ငါးပွင့်ဆိုင်အထိ တွေ့ဆုံဆွေးနွေးဖို့ လုပ်နေတာတွေ၊ စစ်တပ်ကလည်း မတွေ့ဘူး ငြင်းထားတာတွေ ရှိတယ်။ အစ်ကို့အမြင်က။
ANW : အဲဒါတွေပြောရရင် တစ်ခုပဲ စိတ်ဝင်စားစရာ ကောင်းတာက စစ်တပ်က နိုင်ငံရေးမှာ မပါသင့်ဘူး။ စစ်တပ်က ဝန်ထမ်း အဖွဲ့အစည်း တစ်ခုပဲ ဖြစ်သင့်တယ်။ အဲဒီ အယူအဆကို ရှေ့တန်းတင်ပြီး ကျယ်ကျယ်လောင်လောင် ပြောတာတွေလည်း ရှိတယ်။ အဲလို ပြောတဲ့သူတွေကပဲ ဒီလို တွေ့ဆုံ ဆွေးနွေးပွဲ လုပ်တဲ့အခါကျတော့ သူတို့ပြောတဲ့ ဝန်ထမ်းအဖွဲ့အစည်း ဆိုတဲ့ စစ်တပ်ကို ဒီသုံးပွင့်ဆိုင်တွေ၊ ငါးပွင့်ဆိုင်တွေမှာ တစ်ဖွဲ့အနေနဲ့ ပါဝင်ပြီးတော့ လုပ်ဖို့ ပြောပြန်တယ်။ စစ်တပ် ကိုယ်တိုင်ကိုက နိုင်ငံရေးမှာ အဖွဲ့အစည်း တစ်ခုအနေနဲ့ ဝင်ပြီးပြောဖို့ မသင့်တော်ပါဘူး။ လွှတ်တော်ထဲမှာလည်း သူတို့ တာဝန်ယူထားတာ ရှိပါတယ်။ အဲဒါကြောင့် နိုင်ငံရေးကိစ္စမှာ နိုင်ငံရေးသမားတွေပဲ ဆွေးနွေးကြပါ။ သူတို့ ဝင်မပါချင်ပါဘူး။ အဲလိုပြောတယ်။ သူတို့ကိုယ်တိုင် ဆန္ဒနဲ့ ဆုံးဖြတ်ခွင့် ရှိတာနော်။ အခုလက်ရှိ ကာ/ချုပ်နဲ့ တပ်မတော်သားတွေဟာ ဒီလို ဆွေးနွေးပွဲမျိုးမှာ မပါဘူး ဆိုတာဟာ သူတို့ကိုယ်တိုင်က နိုင်ငံရေးနဲ့ အဲလောက်ကြီး ပတ်သက်တာ မဖြစ်သင့်ဘူးထင်လို့ စစ်တပ်က အဲလို ဆုံးဖြတ်တာ။ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။
Voice : မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်လို အကောင်ထည် ဖော်သင့်တယ် ထင်လဲ။
ANW : ငြိမ်းချမ်းရေးဖြစ်စဉ် ပြီးမြောက် အကောင်အထည်ဖော်ဖို့ဆိုရင် တချို့ကကျတော့ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအရ ဖြေရှင်းတာ ကောင်းတယ်။ တချို့ကျတော့ အင်အားသုံး ဖြေရှင်းတာ ကောင်းတယ်။ ဒီနည်းလမ်း နှစ်ခုပေါ့။ ကျွန်တော်ကတော့ နည်းလမ်းနှစ်ခုလုံးက သတ်သတ်စီလို့ မပြောချင်ဘူး။ လှည်းမှာရှိတဲ့ ဘီးနှစ်ဘီးလို အတူသွားလို့ရတယ်။ ရေရှည် အကျိုးစီးပွားအတွက် ကြည့်မယ်ဆို တစ်ဖက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အမြဲ တံခါးဖွင့်ထားရမယ်။ တစ်ဖက်ကကျတော့လည်း စစ်တပ်ရဲ့ တာဝန်က လူမျိုးရေး၊ ဘာသာရေး ခဏထား။ သေနတ်ကိုင်ခွင့် မရှိတဲ့သူက ကိုင်ထားရင် ဒါသည် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်တာပဲ။ အဲဒါဆိုရင် လုပ်သင့် လုပ်ထိုက်တာကို အင်အားသုံး ဖြေရှင်းရမယ်။
The Voice Weekly
No comments:
Post a Comment