Friday, May 30, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ အရေအတွက်ကို ဇူလိုင်လကုန်ဝန်းကျင်တွင် ထုတ်ပြန်မည်



ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ အရေအတွက်ကို ယခုနှစ်ဇူလိုင်လကုန် ၀န်းကျင် တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရသူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးရန် နောက်ဆုံးရက် သတ်မှတ်ထားသည့် ဇူလိုင် ၁၉ ရက်အပြီး တစ်ပတ် အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနှင့်ပြည်နယ်ရုံး အသီးသီးမှ လက်မှတ်ရေးထိုးထားသည့် စာအုပ်များကို စုစည်းကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ရုံးချုပ်)သို့ ပေးပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။

“ဇူလိုင် ၁၉ ရက်အပြီး တစ်ပတ်အတွင်း ကျွန်တော်တို့စုစည်းပြီး ပို့ရမယ်။ စာအုပ်တိုင်းမှာ ကျွန်တော်တို့ ညွှန်ကြားထားတာ စာအုပ်တိုင်းရဲ့ မျက်နှာဖုံးမှာ အရေအတွက်၊ မြို့နယ်၊ ကျေးရွာနာမည် ဒါလေးတွေဖော်ပြပေးဖို့ပါ။ ဇူလိုင် ၁၉ ရက် နောက်ပိုင်းမှာ ဒီဥစ္စာကို စုစည်းလို့ရမှာ။ ကျွန်တော်တို့ နှစ်ပတ်လောက် အတွင်းမှာတော့ အရေအတွက်ကို ထုတ်ပြန်နိုင်မှာပါ။ ပြည်သူ့ဆန္ဒ ဘာလဲဆိုတာ အများပြည်သူသိအောင် ကြေညာချက်ထုတ်ပြန်မှာပါ” ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ စတင်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ တစ်နိုင်ငံလုံး၌ ဆောင်ရွက်နေရာ မေ ၂၉ ရက်အထိ လက်မှတ်ရေးထိုးသည့် ပြည်သူအရေအတွက် များပြားသည့်အတွက် လက်မှတ်ရေးထိုးသည့် စာအုပ်လိုအပ်ချက်များ ရှိလာသောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှ နယ်မြို့ရှိရုံးများသို့ ထပ်မံဖြန့်ဝေမှုများ ပြုလုပ်နေရသည်ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နေရာအချို့တွင် နယ်ထိန်းတပ်ဖွဲ့ဝင်အချို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် နေရာများသို့ လာရောက်၍ လက်မှတ်ရေးထိုးသူများ အရေအတွက်စာရင်း တောင်းယူသည့် အခြေအနေမျိုး ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

“ဧရာဝတီတိုင်း နှစ်နေရာ၊ ရန်ကုန် နှစ်နေရာသုံးနေရာလောက်။ နယ်ထိန်းရဲတွေ ခြိမ်းခြောက်တဲ့ပုံသဏ္ဌာန်မျိုး အရေအတွက်တွေ သူတို့ကို ပေးရမယ်ဆိုတာမျိုး လာပြောတာတွေရှိတယ်။ ကျွန်တော်ကတော့ ဒီကနေပြန်ပြောပါတယ်။ သူတို့ကိုသွားပြော။ သူတို့ကို ပြောလို့မရရင် သူတို့ထက်ကြီးတဲ့သူကိုသွားပြော။ ဒါဟာ ကျွန်တော်တို့ ဥပဒေနဲ့အညီ လုပ်နေတာ အနှောင့်အယှက်မပေးဖို့ ဒါမျိုးမဖြစ်ဖို့ တရားဝင်သာပြောလို့ အဲဒီလိုသာခိုင်းထားတယ်။ ကျွန်တော်တို့ကြားတာက နေပြည်တော်မှာ ၀န်ကြီးဌာနတစ်ခုက ၀န်ကြီးကိုယ်တိုင်က မထိုးရဘူးဆိုပြီး အစည်းအဝေး ခေါ်ပြောတယ်လို့ သတင်းရတယ်။ သိပ်တိတိကျကျတော့ ကျွန်တော်ပိုမသိဘူး။ ကျွန်တော်တို့ ပြောချင်တာက ပြည်သူတွေပေါ့။ အဲဒီဝန်ထမ်းပြည်သူတွေက မိမိစိတ်ဆန္ဒရှိလို့ရှိရင် ထိုးလို့ရပါတယ်။ ဘယ်လိုပဲပိတ်ပိတ် အပေါက်ကတော့ရှိမှာပါ” ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် အဖွဲ့တို့သည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုပညာပေး ဟောပြောပွဲများကို ပြုလုပ်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ မြို့နယ် ၁၇ ခုတွင်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီရှင်းလင်းပွဲတွေက ပုဒ်မ ၄၃၆ ကို ဘာကြောင့် ပြည်သူလူထုက လက်မှတ်ရေးထိုးသင့်လဲဆိုတာ အန်ကယ်တို့က ရှင်းလင်းပြတဲ့ပွဲ။ အဲဒီတော့ လက်မှတ်ထိုးတဲ့ ဟာကိုတော့ မေ ၂၇ ရက်ကနေပြီးတော့ ဇူလိုင် ၁၉ ရက်အထိ ရက်သတ်မှတ်ထားတာပေါ့။ အဲဒီတော့ ဟောပြောပွဲတွေက ပြည်သူလူထုကို တင်ပြတဲ့ဟောပြောပွဲတွေ ဖြစ်တဲ့အတွက်ကြောင့် အန်ကယ်တို့က စောနိုင်လေ ထိရောက်လေပေါ့။ အန်ကယ့်စိတ်အထင်ပြောရရင် အန်ကယ်တို့ ဇွန်လကုန်လောက်မှာတော့ အားလုံးပြီးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ တာဝန်ခံ ဦးထွန်းထွန်းဟိန်က ဆိုသည်။

Eleven Media Group

No comments:

Post a Comment

My Blog List