Thursday, May 29, 2014

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ရှေ့နေများကွန်ရက် တရားစွဲမည်



ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ တရားရုံးချုပ်ဟောင်း နေရာကို Flying Tiger Engineering ကုမ္ပဏီအား လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးသောကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နှင့် အဆိုပါ ကုမ္ပဏီကို ဇွန်လအတွင်း တရားစွဲရန် စီစဉ်ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအေးမင်းက  ပြောကြားသည်။ 
စုပေါင်းတရားရုံးကြီးကို ပြတိုက်နှင့်ဟိုတယ်များ တည်ဆောက်ရန် ငှားရမ်းခြင်း ဖြစ်သောကြောင့် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ ရှေ့နေများက ကန့်ကွက်ဆန္ဒထုတ်ဖော်ပြီး အထက်ပါအတိုင်း တရားစွဲဆိုမှုများ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးကြီးမြင့်က ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ရာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ 

ယင်းအဆောက်အအုံကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ချထားခြင်းမှာ နိုင်ငံတော် အကျိုးအတွက် ပြုလုပ်ခြင်း ဖြစ်ပြီး ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ကြောင်း၊ တင်ဒါ ခေါ်ယူမှုများကိုလည်း ပွင့်လင်းမြင်သာစွာ စိစစ်ကြေညာခဲ့ကြောင်း၊ အဆိုပါ အဆောက်အအုံကို ပြင်ဆင်ရန် ဘတ်ဂျက် လုံလောက်မှု မရှိကြောင်း၊ ဟိုတယ်အဖြစ် ချထားပေးခြင်းဖြင့် ဝင်ငွေရကာ နိုင်ငံအတွက် အကျိုးဖြစ်မည် ဖြစ်ကြောင်း၊ လက်သိပ်ထိုး လုပ်ဆောင်ခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ ရုံးအဖွဲ့မှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။ 

“တရားစွဲမယ်ဆိုတဲ့ကိစ္စကို ဘာမှ ပြောစရာမရှိပါဘူး။ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်ခဲ့တာပဲ” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။ 

အဆိုပါ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် Flying Tiger Engineering ကုမ္ပဏီတို့ကို ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပါ ပုဒ်မများနှင့် တရားမကျင့်ထုံး ဥပဒေ ၈၀ တို့ဖြင့် စွဲဆိုသွားမည် ဖြစ်ကြောင်း၊ ရှေ့နေများကွန်ရက် အဖွဲ့ဝင် ဦးအေးမင်းက ဆိုသည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ Flying Tiger Engineering ကုမ္ပဏီမှ လာရောက် ဆွေးနွေး ညှိနှိုင်းမည် ဆိုပါက မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် အနေနှင့် လက်ခံ ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စုပေါင်းရုံးနှင့် တရားရုံးချုပ်တို့ကို ပုဂ္ဂလိကပိုင် လွှဲပြောင်းချထားခြင်းကို မကျေနပ်သဖြင့် မေလ ၂၈ ရက်နေ့တွင် လူအင်အား ၅၀ ကျော်ခန့်ဖြင့် ရှေနေများကွန်ရက် အဖွဲ့ဝင်များက မဟာဗန္ဓုလပန်းခြံလမ်းမှ တရားရုံးချုပ်ဟောင်း နေရာအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ရှေနေများကွန်ရက် အဖွဲ့ဝင် ၃၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ရှေ့နေများကွန်ရက်က အဆိုပါ တရားရုံးချုပ်ဟောင်း နေရာကို ဟိုတယ်နှင့် ပြတိုက် တည်ဆောက်ခွင့် ပေးသော မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ၂၀၁၂ ခုနှစ်ကတည်းက တရားစွဲဆိုမည်ဟု ဆိုသော်လည်း ယနေ့တိုင် တရားစွဲ ဆိုနိုင်ခြင်း မရှိသေးပေ။ 

(နေဇာကျော်)
The Voice Weekly

No comments:

Post a Comment

My Blog List