Friday, May 30, 2014

တရုတ်နိုင်ငံသား ၅၅ ဦးကို ရှင်ကျန်း အားကစားကွင်း၌ ပြစ်ဒဏ်များ ချမှတ်



တရုတ်နိုင်ငံသား ၅၅ ဦးကို အကြမ်းဖက်မှု၊ ခွဲထွက်ရန် လုပ်ဆောင်မှု၊ လူသတ်မှုများဖြင့် ရှင်ကျန်း အားကစားကွင်း တစ်ခုတွင်း တရားစီရင်ပြီး ပြစ်ဒဏ်များ ချမှတ်လိုက်သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အားကစားကစားကွင်းအတွင်းရှိ ပြေးလမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့ မော်တော်ကားများ ရပ်နားထားပြီး အဝါရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အကျဉ်းသားများမှာ ကားနောက်ပိုင်းတွင် လက်နက်ကိုင် အစောင့်အကြပ်များဖြင့် ထိုင်နေသ ည်ကို ဓာတ်ပုံများတွင် တွေ့ရသည်။

လူပေါင်း ၇၀၀၀ ကျော်ရှေ့တွင် တရားခံများကို ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားခံများမှာ မွတ်ဆလင်အူဂါ လူမျိုးစု ဝင်များ ဖြစ်မည်ဟု ယုံကြည်ရသည်။

တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ရှင်ကျန်းဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများ တိုးပွားလာခြင်းမှာ အူဂါမွတ်ဆလင် စစ်သွေးကြွများ၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်သည်ဟု တရုတ်အာဏာပိုင်များက ပြစ်တင်ထားသည်။

တရားစီရင်မှုမှာ တရုတ်နှင့် ကာဇတ်စတန် နယ်ခြားရှိ ယီလီမြို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ တရားခံသုံးဦးကို သေဒဏ်များ ချမှတ်ခဲ့သည်။

သေဒဏ် စီရင်ခံရသူများမှာ ပြီးခဲ့သည့်နှစ်အတွင်း မိသားစုတစ်စုကို လွန်စွာရက်စက်သည့် နည်းလမ်းများ အသုံးပြု သတ်ဖြတ်ခဲ့သူများ ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားသော တရားခံများ၏ ပြစ်မှုများနှင့် ပတ်သက်၍မူ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။

အများပြည်သူ လူထုရှေ့တွင် တရားစီရင်ခြင်းမှာ တရုတ် အစိုးရအဖွဲ့က အင်အားပြသည့် သဘောဖြစ်ပြီး ရှင်ကျန်းဒေ သကို အဓိကထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစစ်ဆင်ရေးကို တရုတ် ဗဟိုအစိုးရ အဖွဲ့က လုပ်ဆောင်လျက် ရှိသည်။

တရုတ်အစိုးရ အရာရှိများက တစ်နှစ်သက်တမ်းရှိ စစ်သွေးကြွ နှိမ်နင်းရေး စစ်ဆင်ရေး လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ထုတ်ပြန်ခဲ့သည်။

ရှင်ကျန်းပြည်နယ် အူရစ်ချီ မြို့တော်၌ အသေခံဗုံးခွဲသမား ငါးဦး အသုံးပြု တိုက်ခိုက်ခဲ့သည့် လူပေါင်း ၃၉ ဦးကျော် သေဆုံးခဲ့သည့် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့သော အကြမ်းဖက်တိုက်ခိုက်မှုများမှာ အူဂါခွဲထွက်ရေး ဝါဒီများ၏ လုပ်ဆောင်ချက်များ ဖြစ်သည်ဟု ဘေဂျင်းက ပြစ်တင်ထားသည်။

အူဂါမွတ်ဆလင်များ နေထိုင်ရာ ရှင်ကျန်းပြည်နယ် တိုးတက်ရေးအတွက် ငွေကြေးများစွာ ကုန်ကျခံ သုံးစွဲခဲ့သည်ဟု တရုတ်အစိုးရ အဖွဲ့က ပြောကြားနေသော်လည်း ဒေသခံအူဂါများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ကွန်မြူနစ် အာဏာပိုင်များက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်ဟု အူဂါများက စွပ်စွဲထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List