Tuesday, May 27, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကန့်ဘလူနှင့် ဇီးကုန်းမြို့တွင် လူ ၅၀၀၀ ဝန်းကျင် ဆန္ဒထုတ်ဖော်


၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရေးအတွက် စစ်ကိုင်းတိုင်းဒေ သကြီး၊ ကန့်ဘလူမြို့နယ်နှင့် ဇီးကုန်းမြို့တို့တွင် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းက လူငါးထောင်ခန့် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။ 

ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ဦးဆောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများ ပါဝင်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ 

ဆန္ဒထုတ်ဖော်မှုကို ဇီးကုန်းမြို့ရှေ့ အခြေခံမူလတန်းလွန်ကျောင်း ရှေ့ရှိ အားကစားဝင်းတွင် စတင်ခဲ့ပြီး ဇီးကုန်းမြို့တွင်းသို့ နံနက် ၉ နာရီ ဝန်းကျင်မှ စတင်ကာ နှစ်နာရီခန့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ 

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအပြင် လေးပွင့်ဆိုင် ဆွေးနွေးရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် နိုင်ငံသားအခွင့်အရေးတန်းတူရရှိရေး စသည့် အချက်များကိုလည်း ဆန္ဒပြသူများက ထုတ်ဖော် ကြွေးကြော် ခဲ့ကြောင်း ဇီးကုန်းမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။ 

“လွှတ်တော်က ပြင်ဆင်မယ်လို့ ပြောထားပေမယ့် သူတို့ ပြင်ချင်တာနဲ့ ကျွန်တော် ဖြစ်ချင်တာ တူမတူ မသေချာဘူးလေ၊ ဒါကြောင့် ဆန္ဒပြရတာ” ဟု ၎င်းကဆိုသည်။ 

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (တပ်မတော် ကိုယ်စားလှယ် မပါဝင်) များ၏ သုံးပုံနှစ်ပုံ သဘောထားဖြင့် ဥပဒေ ပြင်ဆင်နိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဦးဝင်းအောင်က ရှင်းလင်း ပြောဆိုသည်။ 

ယင်းဆန္ဒ ထုတ်ဖော်မှုကို ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် မဲဆန္ဒနယ်မှ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်လည်း လာရောက် အားပေးခဲ့သည်။ 

“ဒီပုဒ်မကို လွှတ်တော်မှာ ပြင်မယ် ဆိုတာက အဆင့်ဆင့် လုပ်ရဦးမှာ၊ ကြာဦးမယ်၊ ဒီလိုလှုပ်ရှား မှုတွေလည်းလုပ်ဖို့ လိုတာပဲ” ဟု ဒေါက်တာမြင့်နိုင်က ဆိုသည်။ 

ယခု ဆန္ဒထုတ်ဖော်မှုသည် ကန့်ဘလူမြို့နယ် အတွင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပြီး၊ တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း၊ ကန့်ဘလူ မြို့နယ်တွင်လည်း ဇွန်လ ပထမပတ် အတွင်းတွင် ထပ်မံ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း၊ ယင်းအပြင် ကျွန်းလှမြို့နယ် အတွင်းလည်း ဇွန်လ ဒုတိယပတ်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ကျွန်းလှမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List