Tuesday, May 27, 2014

လူငယ်စင်တာ ဖွင့်လှစ်ရန်အတွက် ယာယီကော်မတီ ဖွဲ့စည်း


မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော လူငယ်စင်တာ ဖွင့်လှစ်နိုင်ရန်အတွက် အရပ်ဘက် အဖွဲ့အစည်း အသီး သီးမှ လူငယ် ၁၆ ဦးဖြင့် လူငယ်စင်တာ ဖြစ်မြောက်ရေး ယာယီကော်မတီကို မေလ ၂၆ ရက်နေ့က ဖွဲ့စည်း လိုက်ကြောင်း အဆိုပါ လူငယ်စင်တာ ဖြစ်မြောက်ရေး(ယာယီ) ကော်မတီဝင်များက ပြောကြား သည်။ 

ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး တက္ကသိုလ် ဝင်းအတွင်း ပြုလုပ်သော လူငယ် စင်တာ ဖြစ်မြောက်ရေး အစည်းအဝေးတွင် လူငယ်အရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည့် ကိုကျော်ကျော် ဘို၊ ကိုမိုဃ်းသွေး၊ ကိုသက်ဆွေဝင်းနှင့် မသီရိမြတ်ထင်တို့ အပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ယင်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။ 

“ကျွန်တော်တို့ အခုက လူငယ်စင်တာ ဖြစ်မြောက်ရေး အမည်နဲ့ ၁၆ ဦးပါ ယာယီကော်မတီ ဖွဲ့တယ်၊ အဲဒီကော်မတီက လူငယ်စင်တာအတွက် အခြေခံမှုတွေ၊ ဖွဲ့စည်းပုံတွေကို အသေးစိတ် ရေးဆွဲပြီး ဇူလိုင်လ ၄ ရက် (သို့မဟုတ်) ၅ ရက်နေ့မှာ အစည်းအဝေး ပြန်ခေါ်ပြီး ချပြရမယ်” ဟု ယာယီကော်မတီတွင် ပါဝင်သော ကိုသက်ဆွေဝင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် တက်ရောက်ခဲ့ပြီး အဖွဲ့အစည်း အသီးသီးမှ လူငယ် ၂၀၀ ကျော်ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မြန်မာတစ်နိုင်ငံလုံးအတွက် ပထမဦးဆုံးအနေနဲ့ လူငယ်စင်တာများကို အထက်မြန်မာပြည်နှင့် အောက်မြန် မာပြည်ဟူ၍ ဖွင့်လှစ်ကာ ထိုမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၊ မြို့နယ်များတွင်ပါ အဆင့်ဆင့် လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ဆိုသည်။

လူငယ်စင်တာ ဖွင့်လှစ်ရန်အတွက် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ်ဝင်းအတွင်း အဆောက် အအုံသစ်များ စတင် ဆောက်လုပ်နေပြီး နိုင်ငံတကာအဆင့်မီ စာကြည့်တိုက် ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List