Wednesday, May 28, 2014

စေ့စပ်ညှိနှိုင်းမှုမရှိပါက ပဋိပက္ခလမ်းကြောင်းပေါ် ပြန်ရောက်သွားမည်ဟု ဖဒိုမန်းငြိမ်းမောင် ပြော


တိုင်းပြည်ရှေ့ဆက်သွားမည့်ခရီးတွင် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်မှု၊ စေ့စပ်ညှိနှိုင်းမှုများ မရှိပါက ပဋိပက္ခ လမ်းကြောင်းပေါ် ပြန်ရောက်သွားမည်ဟုကေအန်ယူ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က မေ ၂၇ ရက်တွင် ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင် ငံတော် အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့၏စစ်မှန်သော ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်မှု ကြိုဆို ထောက်ခံပွဲ’ တွင် ဖဒိုမန်းငြိမ်းမောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“တစ်ဦးကိုတစ်ဦး အပေါ်စီးရလိုမှု၊ အနိုင်ကျင့်လိုမှုတို့နဲ့ သွားနေရင်တော့ ပဋိပက္ခလမ်းကြောင်းပေါ် ပြန်ရောက်သွားမှာပါ၊ ဒီတိုင်းပြည်မှာရှိတဲ့ ခေါင်းဆောင်များ၊အင်အားစုများအားလုံး ဒါကို ကြပ်ကြပ်သတိ ထားဖို့ တိုက်တွန်းလိုတယ်”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ညှိနှိုင်းစေ့စပ်မှု မရှိဘဲ အာဃာတ၊ သံသယ၊ ရန်ငြှိုးရန်စများ ထားနေပါက တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းတည်ဆောက်မှုခရီးကိုရှေ့ဆက်သွားရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြော သည်။

မအူပင်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဦးစီးကျင်းပသည့် ယင်းအခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်း၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး မန်းသန်းရွှေ နှင့် ဒေသခံ ကရင်တိုင်းရင်းသား သုံးထောင်ခန့်တက်ရောက်ခဲ့ကြသည်။

“လွတ်လပ်ရေးရပြီးစအချိန်မှာ ဘေးပရောဂတွေကြောင့် အခိုက်အတန့်အားဖြင့် ကျွန်တော်တို့ညီအစ်ကိုတွေ စိတ်ဝမ်းကွဲပြားမှုတွေ ရှိခဲ့ပါတယ်၊သို့သော်လည်း လက်ရှိအချိန်မှာတော့ အတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းရေးရခဲ့ပါပြီ၊ လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ ရှိတဲ့အနက် ၁၄ ဖွဲ့ကအသီးသီး ငြိမ်းချမ်းရေးယူ ထားပါတယ်၊ အဲဒီထဲကမှ ကေအန်ယူ အဖွဲ့က နံပါတ်တစ် ထိပ်ဆုံးရှိနေပါတယ်၊ ကေအန်ယူအနေနဲ့နောက် မဆုတ်တမ်း ငြိမ်းချမ်းရေးကို ရယူဖို့ သန္နိဌာန်ချထားပြီးလည်းဖြစ်ပါတယ်”ဟု ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး မန်းသန်းရွှေ က ပြောကြားခဲ့သည်။

ထက်နောင်နောင်
The Myanmar Age

No comments:

Post a Comment

My Blog List