ဒေသခံအများစုက တစ်ပြေးညီ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဆန္ဒဖော်ထုတ်မှုများ၊ အကြမ်းဖက်နှိမ် နင်းမှုများ၊ လယ်တီဆရာတော်၏ သိမ်နှင့်စေတီအား ဖြိုဖျက်ရွှေ့ပြောင်းမှုများ စသည့်အငြင်းပွားမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသော လက်ပံတောင်းတောင် စီမံကိန်းသည် လက်ရှိအချိန်အထိ စီမံကိန်း လုပ်ဆောင်သည့် မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် ဒေသခံများအကြား မြေယာလုမှု အငြင်းပွားပြဿနာများနှင့် ဒေသခံ ပညာတတ် ဘွဲ့ရများနှင့် လုပ်ခလစာ အငြင်းပွားမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။
စီမံကိန်းက တရားမျှတခဲ့ရဲ့လား
လက်ပံတောင်းတောင် စီမံကိန်းသည် စတင်လုပ်ဆောင်စဉ်ကပင် ဒေသခံများ၏ အကျိုးစီးပွားများအား လျစ်လျူရှုခဲ့မှု၊ ဒေသခံများအား နားလည်စေရန် ဆွေးနွေးဟောပြောမှု၊ နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စသည့်ဖြစ်ရပ်များစွာအား စီမံကိန်းလုပ်ဆောင်သူများက မျက်ကွယ်ပြု ခဲ့ကာ အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သည့် ၁၉၉၄ ခုနှစ် သတ္တုတွင်းဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း Purple equity law Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက ပြောကြားသည်။
မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ မြှုပ်နှံမှု
လက်ပံတောင်းတောင် စီမံကိန်းအား မြန်မာဝမ်ပေါင်နှင့် မြန်မာ့စီးပွားရေးဦးပိုင်တို့ အကျိုးတူ လုပ်ဆောင်နေ သည် ဆိုသော်လည်း အဓိကလုပ်ကိုင်မည့် ကုမ္ပဏီမှာ ၀မ်ပေါင်ကုမ္ပဏီ ဖြစ်သည်။ မြန်မာဝမ်ပေါင် ကုမ္ပဏီသည် စီမံကိန်းအား လုပ်ဆောင်ရန်အတွက် ဘဏ်မှတစ်ဆင့် စီမံကိန်း ကုန်ကျစရိတ်၏ ၈၀ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၁ ဘီလျံအား ချေးယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် စီမံကိန်း မလည်ပတ်နိုင်မီ ကာလတွင် လစဉ် အမေရိကန်ဒေါ်လာ တစ်သန်းအား အတိုးငွေအဖြစ် ပေးဆပ်နေ ရကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng hi က ဆိုသည်။
အစိုးရ၊ ဦးပိုင်နှင့် ၀မ်ပေါင်တို့ရမည့် အကျိုးအမြတ်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင် ခံစာ ထွက်ပေါ်လာပြီးနောက် စီမံကိန်းအား မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုချက် ရရှိခဲ့သော်လည်း အစိုးရဘက်မှရရှိမည့် အကျိုးအမြတ်မှာ အဆမတန် နည်းပါးနေသည့်အတွက် စာချုပ်ပြင် ဆင် ချုပ်ဆိုရာတွင် မြန်မာအစိုးရဘက်က ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်က ၁၉ ရာခိုင်နှုန်းနှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီဘက်က ၃၀ ရာခိုင်နှုန်းအထိ ရယူနိုင်မည်ဖြစ်သည်။
မြန်မာအစိုးရဘက်က ၅၁ ရာခိုင်နှုန်း ရရှိသည့်အတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိမည်ဖြစ်ကြောင်း Mr.Geng hi က ပြောကြားသည်။ ကျန် ၄၉ ရာခိုင်နှုန်းအား မြန်မာ့စီးပွားရေးဦးပိုင်နှင့် ၀မ်ပေါင်က အချိုးကျ ခွဲဝေရယူမှုအဖြစ် နှစ်စဉ်ကန်ဒေါ်လာသန်း ၁၀၀ ခန့်အား ဆက်လက်ရရှိမည် ဖြစ်သဖြင့် မြန်မာဝမ်ပေါင်က လက်ပံတောင်းတောင် စီမံကိန်းမှ နှစ်စဉ်အကျိုးအမြတ် ကန်ဒေါ်လာ သန်း ၆၀ ခန့်နှင့် မြန်မာ့စီးပွားရေးဦးပိုင်က နှစ်စဉ် ကန်ဒေါ်လာ သန်း ၄၀ ခန့် အကျိုးအမြတ် ရရှိနေမည်ဖြစ်သည်။ နှစ်စဉ် ထုတ်လုပ်နိုင်မည့် ပမာဏမှာ ကြေးနီတန်ချိန် တစ်သိန်းဖြစ်ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီမှ Admin Manager Mr. Dong hunfei က ဆိုသည်။ အဆိုပါ ကြေးနီတန်ချိန် တစ်သိန်းအတွက် London Metric exchange ဈေးနှုန်းအရ တစ်တန်လျှင် ကန်ဒေါ်လာ ၆၉၀၀ ၀န်းကျင်တွင် ရှိနေသဖြင့် တစ်နှစ်စာ ကြေးနီတန်ချိန် တစ်သိန်းအတွက် အမေရိကန်ဒေါ်လာ သိန်းပေါင်းခြောက်ထောင့်ကိုးရာဖိုးခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
ဘေးထွက်ဆိုးကျိုးများ
စီမံကိန်းမှ မိုင်းသက်တမ်း နှစ် ၃၀ အတွင်း ခန့်မှန်း ၁ ဘီလျံတန် ကြေးနီများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စွန့်ပစ်ကျောက်များ ဖယ်ရှားမှု အချိုး ၀.၉၉ အရ စွန့်ပစ်ကျောက် ၁ ဘီလျံတန် ထွက်ရှိလာမည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင်၏ အကြံပေးကုမ္ပဏီအဖြစ် ငှားရမ်းထားသည့် knight Pie'sold အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံအခြေစိုက် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီသတ္တု တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ စွန့်ပစ်ကျောက်များမှ ဖြစ်ပေါ်လာသော သတ္တုဓာတ်ပါသည့် အက်စစ်ပျော်ရည်သည် စီမံကိန်းဧရိယာ၏ မြေပေါ်နှင့် မြေအောက်ရေတို့အား ပတ်ဝန်းကျင်ဆိုင်ရာ အလွန် အမင်းဆိုးဝါးသော အန္တရာယ်တစ်ခု ဖြစ်စေနိုင်ပြီး ယင်းအပြင် စီမံကိန်းဧရိယာမှ ထွက်ရှိလာနိုင်ဖွယ်ရှိသော ရေသည်လည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အန္တရာယ်ဖြစ်စေမည့် ပစ္စည်းပမာဏအမြောက်အမြားကို စွန့်ပစ်မြေစာပုံ(DGTs)တွင် ပုံထားသော် လည်း ဟင်းလင်းပွင့် သတ္တုတွင်းတွင်လည်း ယင်းအန္တရာယ်ရှိနေကြောင်း ဖော်ပြထားသည်။
အက်စစ်ဖြင့် သတ္တုရည်ဖျော် ထုတ်ခြင်းသည် မိုင်းပိတ်သိမ်းပြီးနောက် ထူးထူးခြားခြား စီမံခန့်ခွဲရမည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ KP ၏ အပိုင်း (၈)ပါ လိုရင်းဖော်ပြချက်အတိုင်း သင့်လျော်သော စီမံခန့်ခွဲမှု အတိုင်းအတာများကို ADGs အား မဆောင်ရွက်နိုင်ခဲ့လျှင် စီမံကိန်း၏ ပတ်ဝန်းကျင်ဆိုင်ရာ အလွန်ဆိုး ရွားသည့် ချို့ယွင်းချက် ဖြစ်လာနိုင်ပါသည်။
အထက်ပါ လိုအပ်ချက်များကို ဂရုတစိုက် ဆောင်ရွက်ခြင်း မပြုပါက တည်ဆောက်ရေးလုပ်ငန်း စတင်သည် မှ လည်ပတ်ထုတ်လုပ်ပြီး မိုင်းပိတ်သိမ်းချိန်အထိ ယင်းအင်္ဂါရပ်များမှာ မိုင်းပိတ်သိမ်းခြင်း အပြီးတွင် အန္တရာယ် အကြွင်းအကျန် အမွေအဖြစ် ကျန်ရစ်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျွန်တော်တို့ တောင်းဆိုတဲ့ ဒေါ်လာ ၂၄၀ ဆိုတာကလည်း တရုတ်လူမျိုး ပညာရှင်မဟုတ်တဲ့ ၀န်ထမ်း တစ်ယောက်ရဲ့ လစာထက်ဝက်လောက်တောင်မရှိပါဘူး။ တရုတ်အမျိုးသမီး အိမ်ဖော်ဝန်ထမ်း တစ်ယောက် ရဲ့ လစာက ဒေါ်လာ ၈၀၀ လောက်ရပါတယ်။ ကျွန်တော်တို့ မြန်မာဝန်ထမ်းတွေ တောင်းတဲ့ ဒေါ်လာ ၂၄၀ ကိုကျတော့ သူတို့ဘက်က ဘာမှ ဖြေရှင်းညှိနှိုင်းပေးမှု မရှိဘူး။ ကျွန်တော်တို့တောင်းတဲ့ လစာဆိုတာက တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ ဒီဒေသက ရွာ ၃၀ မှာရှိတဲ့ ဘွဲ့ရ ၂၀၀ ကျော်ရဲ့ အကျိုးခံ စားခွင့်ရော၊ သူတို့ကို မှီခိုနေတဲ့ မိသားစု အများကြီးအတွက်ပါ အထောက်အပံ့ဖြစ်စေဖို့ ရအောင်တောင်း ဆိုနေတာ ဖြစ်ပါတယ် . . . . .
စွန့်ပစ်ကျောက်တုံးပုံတွင် စွန့်ပစ်မည့် ကျောက်တုံးများကို ဘူမိဓာတု အရည်အသွေး စစ်ဆေးရာ၌ စစ်ဆေး သည့် ကျောက်တုံးများ၏ ၇၁ ရာခိုင်နှုန်းသည် ရေ၊ လေတို့နှင့် ထိတွေ့ပါက အက်ဆစ်ရေများကို ဖြစ်စေနိုင် ပါပြီး ၁၈ ရာခိုင်နှုန်းသည် အခြားဓာတ်သတ္တုများ ပါဝင်သည်ကို တွေ့ရှိရကြောင်းနှင့် အဆိုပါ ကျောက်တုံး များနှင့် ထိတွေ့သည့်ရေတွင် အက်စစ်ဓာတ် များလာသည်နှင့်အမျှ သတ္တုမော်လီကျူများ ပိုမိုဖျော်ထုတ် လာနိုင်ကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
“စီမံကိန်းကထွက်မယ့် ဆာလ်ဖျူရစ်အက်စစ်ကို ထိန်းချုပ်နိုင်မယ်လို့ ဘယ်သူကမှ အာမခံချက် မပေးနိုင်ဘူး။ ဒီဆာလ်ဖျူရစ်အက်စစ်တွေက စီမံကိန်းနဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ ချင်းတွင်းမြစ်ကို စီးဝင်မယ်။ ချင်းတွင်းမြစ်ကနေ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို စီးဝင်သွားရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ဒုက္ခရောက်မယ်။ အဲ့ဒါတွေကြောင့် ကျွန်တော်တို့ ကန့်ကွက်ခဲ့တာပါ။ အခုအချိန်အထိ ဒေသ ခံတွေ ကန့်ကွက်နေတာက စီမံကိန်းရဲ့ ဆိုးကျိုးတွေကြောင့်အပြင် ဒီဒေသမှာ စီမံကိန်းကြောင့် တစ်ခုခု ဆိုးကျိုးဖြစ်လာရင် အရင်ဆုံးခံရမှာက ဒေသခံတွေပဲလေ။ နောက်ပြီးတော့ သူတို့မှာ လျော်ကြေးရ ယူပြီးတော့ မြေယာတွေ လက်လွှတ်လိုက်ရင် လုပ်စားစရာ လယ်ယာမြေလည်း အစားပြန်ရနိုင်စရာ မရှိတော့ဘူး။ ဒါ့ကြောင့်မို့ တချို့ရွာတွေက မြေယာလျော်ကြေးမယူ၊ စီမံကိန်း ဧရိယာထဲက မထွက်ဘဲ ဆန္ဒဖော်ထုတ်နေတာပါ” ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှားသူ စာရေးဆရာကြီး ဦးအံ့မောင်က ဆိုသည်။
လက်ပံတောင်းတောင် စီမံကိန်းမှ ၀မ်ပေါင်၏ ပကတိအခြေအနေ
လက်ပံတောင်းတောင် စီမံကိန်းအား လုပ်ဆောင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီသည် ဒေသခံများနှင့် ပြေ လည်မှု မရရှိသေးသည့် ပြဿနာကြောင့် စီမံကိန်းပါ မြေဧရိယာ ဧကပေါင်း ၆၇၀၀ ခန့်၏ ၄၀ ရာခိုင်နှုန်း ခန့်သာ စီမံကိန်း လည်ပတ်ခွင့် ရှိနေကြောင်း Mr.Dong hunfei က ပြောကြားသည်။ လက်ရှိကာလသည် တည်ဆောက်ဆဲ ကာလသာ ဖြစ်နေပြီး ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ဆဲကာလ သတ်မှတ်မှု ပြည့်ခဲ့သော်လည်း စီမံကိန်းတွင် ကြေးနီထုတ်လုပ်မှု ပြုလုပ်နိုင်မှု မရှိသဖြင့် တည်ဆောက်ဆဲကာလအား တစ်နှစ်ထပ်မံ သက်တမ်းတိုးမြှင့်ခဲ့ရသည်။ ထိုသို့ သက်တမ်းတိုးမြှင့်မှုမှာ ယခုနှစ် နိုဝင်ဘာလခန့်တွင် သက်တမ်းပြည့်မည် ဖြစ်သည်။ ထိုသို့ တည်ဆောက်ဆဲကာလ သက်တမ်းပြည့်နေသော်လည်း စီမံကိန်း လည်ပတ်ထုတ်လုပ်နိုင်မှု မရှိသဖြင့် ထပ်မံသက်တမ်း တိုးမြှင့်ရဦးမည်ဖြစ်ကြောင်း Mr. Dong hunfei က ပြောကြားသည်။
ဒေသခံများ၏ ပကတိအခြေအနေ
လက်ပံတောင်းတောင်စီမံကိန်း ဧရိယာအတွင်း ပါဝင်နေသည့် မြေဧက ၆၇၀၀ ခန့်အတွက် မြေယာလျော်ကြေး ရယူထားမှုမှာ ရာခိုင်နှုန်း ၅၀ ခန့်ဖြစ်သည့် မြေဧက ၃၃၀၀ ခန့်အတွက်သာ မြေယာလျော်ကြေး ရယူထားခြင်း ဖြစ်သည်။ ထိုမြေများအနက်မှာ တုံရွာ၊ မိုးကြိုးပြင်၊ ဆည်တည်း၊ ၀က်မှေး စသည့်ကျေးရွာများက စီမံကိန်းအတွင်းမှ မြေယာလျော်ကြေး ယူငင်မှုမပြုဘဲ လယ်ယာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်။ ထိုသို့ မြေယာလျော်ကြေး ရယူထားမှု မရှိသည့် လယ်ယာမြေ များအပေါ် မြန်မာဝမ်ပေါင်ဘက်မှ သွပ်ဆူးကြိုးခတ်ခြင်းများ၊ စီမံကိန်း လုပ်ဆောင်ခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများနှင့် မြန်မာဝမ်ပေါင်တို့အကြား ပြဿနာများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ မြန်မာဝမ်ပေါင်ဘက်မှ စီမံကိန်းမြေ အပြည့်အ၀ လုပ်ပိုင်ခွင့်ရရှိရေး လုပ်ဆောင်နေသကဲ့သို့ ကျေးရွာများကလည်း ကျိန်စာ တိုက်ပွဲများ ပြုလုပ်နေပြီး မေ ၂၄ ရက်ကလည်း တုံ၊ ဆည်တည်း၊ မိုးကြိုးပြင် စသည့်ရွာများက ဦးဆောင် သည့် လေးကြိမ်မြောက် ကျိန်စာတိုက်ပွဲလို ပြုလုပ်ခဲ့သည်။ မြန်မာဝမ်ပေါင်ဘက်မှ တာဝန်ရှိသူများ အနေနှင့် တုံရွာ၊ မိုးကြိုးပြင်၊ ဆည်တည်း ၀က်မှေး စသည့်ကျေးရွာများသို့ သွားရောက်မှု မရှိသော်လည်း ပြီးခဲ့သည့် မေ ၁၈ ရက်က မြန်မာဝမ်ပေါင် ကုမ္ပဏီဘက်မှ တရုတ်လုပ်သားနှစ်ဦးက ဆည်တည်းရွာအနီးသို့ ရဲအစောင့်အရှောက် ပါဝင်မှုမရှိဘဲ သွားရောက်သဖြင့် ဒေသခံများက ခေါ်ယူဆွေးနွေးသည် ဆိုသော်လည်း အစိုးရဘက်က ပြန်ပေးဆွဲမှုဆိုကာ အမှုဖွင့်ထားသဖြင့် ဆည်တည်းရွာမှ ဒေသခံခုနစ်ဦး အရေးယူခံထားရသည်။ ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း တရုတ်လုပ်သား နှစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှု မရှိခဲ့ကြောင်း မြန်မာဝမ်ပေါင်မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng hi က ပြောကြားသည်။ ထိုသို့ ညှင်းပန်းနှိပ်စက်ရိုက်နှက်မှု မပြုပါက ပြစ်မှုမမြောက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမောင်က ပြောကြားသည်။ အဆိုပါ အမှုအား စတင်တိုင်ကြားခဲ့သူ မြန်မာဝမ်ပေါင်အနေဖြင့် အမှုရုပ်သိမ်းရန် လုပ်ဆောင်မည်မဟုတ်ကြောင်း မှန်ကန်သည့် တရားဥပဒေအတိုင်းသာ ဆက်လက်ရင်ဆိုင်ရမည် ဖြစ်ကြောင်းနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားနှင့် ဘေးအန္တရာယ်များကို ကာကွယ်ပေးရန် လိုအပ်ကြောင်း Mr.Geng hi က ပြောကြားသည်။ လက်ရှိအချိန်တွင် အမှုဖွင့်လှစ်ခံရသူ ခုနစ်ဦးအနက် ကိုဝင်းကျော်နှင့် မဖြူနှင်းထွေးတို့ကိုသာ ဆားလင်းကြီးရဲစခန်းက ပုဒ်မ ၃၆၄၊ ၃၆၈ ကျင့် ၅၁၂ ဖြင့် ဆက်လက်တရားစွဲဆို အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ဝမ်ပေါင်၏ လက်ရှိလုပ်ငန်းစဉ်နှင့် ဒေသခံများအပေါ် စည်းရုံးမှု
လက်ရှိတွင် မြန်မာဝမ်ပေါင် ကုမ္ပဏီဘက်က ဒေသခံများအတွက် စီးပွားရေးဇုန် ဖော်ထုတ်ပေးရန် လုပ်ဆောင်နေသည်။ ထိုစီးပွားရေးဇုန်တွင် လယ်ယာလုပ်ငန်းမှအပ မည်သည့်အလုပ်မှ မလုပ်လိုသည့် ဒေသခံများအတွက် လုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန်နှင့် အသေးစား လုပ်ငန်းများအတွက် သင်တန်းပေးခြင်း၊ ချေးငွေပေးခြင်း၊ ဒေသ၏ မိရိုးဖလာ လုပ်ငန်းများအား မြှင့်တင်ပေးခြင်း အစီအစဉ်များ ပါဝင်နေသည်။ ထိုအစီအစဉ်အတွက် ဒေသခံရွာ ၃၃ ရွာအနက် ၁၄ ရွာကိုသာ လှည့်လည်စည်းရုံးမှု ပြုလုပ်နေသည်။ မေ ၂၃ ရက်က ရန်ကုန်မြို့မှ မီဒီယာသမား ၂၃ ဦးခန့်အား ခေါ်ဆောင်၍ စီမံကိန်းအတွက် မြေဧက ၅၀ ခန့်သာ သိမ်းခံရ၍ လှူ သည်ဟု သဘောထားသည်ဟုဆိုသော ပလောင်ကျေးရွာသို့ (၁၅) ကြိမ်မြောက်အဖြစ် မြန်မာဝမ်ပေါင် ကုမ္ပဏီဘက်မှ Public Relation Manager ဦးဆောင်၍ စည်းရုံးရေးခရီးစဉ် ပြုလုပ်ခဲ့သည်။ အဆိုပါ စည်းရုံးရေးဆွေးနွေးပွဲတွင် ဒေသခံများ၏ ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရသည်။
“၁၅ ကြိမ်လောက် လာစည်းရုံးတယ်။ ကျွန်တော်တို့အတွက် ဘာတစ်ခုမှ ဖြစ်မလာဘူး။ ကျွန်တော်တို့ဒေသရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ရမယ်ဆိုတာလည်း နားမထောင်ဘူး။ သူတို့က ဆုံးဖြတ်နိုင်တဲ့သူ မပါဘဲ လာတယ်။ အခု စီမံကိန်းအတွက် ဒေါ်အောင် ဆန်းစုကြည် လာတော့လည်း ဒေသခံတွေနဲ့ တွေ့မသွားဘူး။ လက်တွေ့ခံစားနေရတာက ဒေသခံ ပြည်သူတွေပါ” ဟု ပလောင်ရွာနေ ဦးညိုက စည်းရုံးရေးဆွေးနွေးပွဲတွင် ပြောဆိုသည်။
မြေယာသိမ်းခံရ၍ မိသားစုအလိုက် အလုပ်လက်မဲ့ဖြစ်သူ မြန်မာဝမ်ပေါင် သင်တန်းသား ၂၄၀ ခန့်၏ လစာပြဿနာ
မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံ ဘွဲ့ရလုပ်သားများအား အလုပ်ခန့်ထားနိုင်ရန် သင်တန်းသား ၂၄၀ ဦးခန့်ကို လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများပေးအပ်စဉ် လစာတိုးမြှင့် တောင်းဆိုမှုနှင့် ကြုံခဲ့ရသည်။ ၀မ်ပေါင်မှ သတ်မှတ်ထားသည့် မူရင်းလစာတစ်လ ဒေါ်လာ ၁၂၀ အစား ဒေါ်လာ ၂၄၀ နှင့် နှစ်အလိုက် လစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုသို့ တောင်းဆိုနေမှုမှာ မဖြစ်နိုင်ကြောင်း၊ သင်တန်းသား ၂၄၀ ဦးခန့်မှာလည်း မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ အလုပ်သမားများ မဟုတ်ကြောင်း Mr.Geng hi က ပြောဆိုသည်။
အဆိုပါ လစာပြဿနာအတွက် Eleven Media Group က ‘စီမံကိန်း အကျိုးအမြတ်သည် အစိုးရမှလည်း နှစ်စဉ် ဒေါ်လာသန်း ၁၀၀ ကျော် ရရှိမည်ဖြစ်ကြောင်း၊ ၀မ်ပေါင်နှင့် ဦးပိုင်သည်လည်း အလားတူပင် အကျိုးအမြတ် ရရှိမည်ဖြစ်ကြောင်း လယ်သိမ်းခံ သင်တန်းသားများ တောင်းဆိုနေသည့် လစာအပေါ် ညှိနှိုင်းပေးနိုင်မှု ရှိမရှိ’ မေးမြန်းရာ Mr.Geng hi က “သူတို့က ၂၄၀ ကျော် ကျွန်တော့်မှာ ၀န်ထမ်း ၃၀၀၀ ကျော်ရှိတယ်။ သူတို့ ဒီလို တောင်းဆိုတာက တခြားဝန်ထမ်းတွေအတွက် မျှတမှု မရှိဘူး။ ကျွန်တော်တို့ပေးထားတဲ့ လစာကို မကြိုက်ရင် တခြားမှာ သွားလုပ်ပေါ့။ ခေါင်းထဲမှာလည်း ရှုပ်ထွေးနေတယ်။ ဘာ့ကြောင့် သူတို့ကို ခုနစ်ကြိမ်အထိ ဆန္ဒပြခွင့်ပြုလည်း ကျွန်တော်တို့ ၀န်ထမ်းမဟုတ်ဘဲ ဘာကြောင့် မြန်မာဝမ်ပေါင် ၀န်ထမ်းလို့ပြောလည်း အဲဒါက အများပြည်သူကြားမှာ ပဋိပက္ခ ဖြစ်စေနိုင်ပါတယ်” ဟု ပြောဆိုသည်။
ထို့ပြင် သင်တန်းသားများ၏ ဆန္ဒဖော်ထုတ်မှုများကိုလည်း တားဆီးထားရန် သက်ဆိုင်ရာဌာနများသို့ စာရေးတင်ပြထားကြောင်းနှင့် လက်ပံတောင်းတောင် စီမံကိန်း ဧရိယာသည် ထိရှလွယ်သော နေရာဖြစ်ကြောင်း မြန်မာဝမ်ပေါင်၏ တရုတ်ဝန်ထမ်းများရော မြန်မာဝန်ထမ်းများပါ အေးအေးချမ်းချမ်း နေလိုကြောင်း Mr.Geng hi က ဆက်လက်ပြောကြားသည်။
ထို့ပြင် လက်ရှိသင်တန်းသားများ၏ လစာတိုးမြှင့်တောင်းခံမှု ပြဿနာအတွက် ၀မ်ပေါင်က မတ် ၂၉ ရက် ရက်စွဲဖြင့် ရွေးချယ်စရာ နည်းလမ်းသုံးခုအား ပေးပို့ခဲ့ပြီး အဆိုပါ နည်းလမ်းများမှာ Trade Training သင်တန်းကဲ့သို့ သင်တန်းကာလ နှစ်နှစ်ပြည့်စေရန် ၁၉ လ ထပ်မံသင်တန်းတက်၍ အရည်အချင်း စစ်ဆေးအောင်မြင်ပါက ၎င်းတို့နည်းတူ Grade 8 အဆင့်တွင် လစာဒေါ်လာ ၁၈၀ ဖြင့် ခန့်ထားရန်၊ မူလသတ်မှတ်ချက်အတိုင်း သင်တန်းငါးလ ပြီးမြောက်ပါက အရည်အချင်းအလိုက် လစာတိုးမြှင့်ခြင်း၊ သင်တန်းကာလ အပါအ၀င် လုပ်သက်နှစ်နှစ်ပြည့်ချိန်တွင် အရည်အချင်း စစ်ဆေးအောင်မြင်ပါက Grade 8 အဆင့်သို့ တိုးမြှင့်ခန့်ထားခြင်း၊ ဆန္ဒအလျောက် အလုပ်အကိုင် အခွင့်အလမ်း စွန့်လွှတ်မည်ဆိုပါက နောင်တွင် ကုမ္ပဏီမှခေါ်ယူသည့် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း စွန့်လွှတ်ပြီးဖြစ်ကြောင်း မှတ်ယူရန် စသည့် အချက်များဖြင့် တုံ့ပြန်ခဲ့ပြီး ယင်းစာပါ အချက်များအား လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းကော်မတီ၊ သတ္တုတွင်း ၀န်ကြီးဌာန စသည့် တာဝန်ရှိသူ ခုနစ်ဖွဲ့ခန့်အား ပေးအပ်ခဲ့ကြောင်းနှင့် သတ်မှတ်နောက်ဆုံးရက်ဖြစ်သည့် ဧပြီ ၂၁ ရက် နောက်ဆုံးထား အကြောင်းပြန်ရန် အသိပေးမှုအား တုံ့ပြန်မှုမရှိခဲ့သည့် မြန်မာလုပ်သားများအား ဆက်လက်အလုပ်ခန့်ထားရန် မဖြစ်နိုင်တော့ကြောင်း ထိုသို့ လုပ်ဆောင်သည်မှာလည်း မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သည့် အလုပ်သမားဥပဒေနှင့် ကိုက်ညီကြောင်း မေ ၂၃ ရက်က သတင်းမီဒီယာ ၂၀ ကျော်နှင့် မြန်မာဝမ်ပေါင်ရုံးတွင် တွေ့ဆုံစဉ် Mr.Geng hi က ပြောဆိုသည်။
“ကျွန်တော်တို့ တောင်းဆိုတဲ့ ဒေါ်လာ ၂၄၀ ဆိုတာကလည်း တရုတ်လူမျိုး ပညာရှင်မဟုတ်တဲ့ ၀န်ထမ်းတစ်ယောက်ရဲ့ လစာထက် ၀က်လောက်တောင် မရှိပါဘူး။ တရုတ်အမျိုးသမီး အိမ်ဖော်ဝန်ထမ်း တစ်ယောက်ရဲ့ လစာက ဒေါ်လာ ၈၀၀ လောက်ရပါတယ်။ ကျွန်တော်တို့ မြန်မာဝန်ထမ်းတွေ တောင်းတဲ့ ဒေါ်လာ ၂၄၀ ကိုကျတော့ သူတို့ဘက်က ဘာမှ ဖြေရှင်းညှိနှိုင်းပေးမှု မရှိဘူး။ ကျွန်တော်တို့တောင်းတဲ့ လစာဆိုတာက တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ ဒီဒေသက ရွာ ၃၀ မှာရှိတဲ့ ဘွဲ့ရ ၂၀၀ ကျော်ရဲ့ အကျိုးခံစားခွင့်ရော၊ သူတို့ကို မှီခိုနေတဲ့ မိသားစုအများကြီးအတွက်ပါ အထောက်အပံ့ဖြစ်စေဖို့ ရအောင်တောင်းဆိုနေတာ ဖြစ်ပါတယ်” ဟု လက်ပံတောင်းဒေသခံ ဖောင်းကထာကျေးရွာမှ ဆန္ဒပြ သင်တန်းသား ကိုဖြိုးယုထွေးက ဆိုသည်။
“ကျွန်မတို့လို့ ဘွဲ့ရတွေကျတော့ ဒေါ်လာ ၁၂၀ ပဲပေးပြီး ရှစ်တန်းပဲအောင်တဲ့ အထွေထွေလုပ်သားကို ကျတော့ ဒေါ်လာ ၁၈၀ ပေးတယ်။ သက်သက်နှိမ်ထားသလိုပဲ။ ဒီလစာပြဿနာအတွက် ဆက်ပြီးတော့ ဆန္ဒပြဦးမှာပါ” ဟု သင်တန်းသူတစ်ဦးဖြစ်သူ မစန်းက ဆိုသည်။
“လစာတိုးမြှင့်ရရှိဖို့အတွက် လက်တလောမှာ ဆန္ဒဖော်ထုတ်မှုပဲ လုပ်နေပေမယ့် နောက်ပိုင်းမှာဆို ရင်နိုင်ငံရေးနည်းလမ်းအရပါ တောင်းဆိုဖို့လုပ်မယ်။ အခုလာမယ့် ၂၈ ရက်မှာလည်း လစာတိုးမြှင့်ရရှိဖို့ ထပ်မံဆန္ဒပြပါဦးမယ်” ဟု ပလောင်ကျေးရွာမှ သင်တန်းသား ဦးရဲရင့်အောင်က ဆိုသည်။
Eleven Media Group
No comments:
Post a Comment