Wednesday, May 28, 2014

ဘယ်သွားသွား ဖုန်းပါရင်ပြည့်စုံနေတဲ့ အဆိုတော် မိစန္ဒီ


အဆိုတော် မိစန္ဒီ အပြင်သွားတိုင်း သူမနှင့်အတူ အမြဲတမ်းပါသွားတတ်သည့် IT ပစ္စည်းများကိုလည်း အနုပညာရှင်များ၏ IT ပစ္စည်း ကဏ္ဍ၌ ဖော်ပြ ပေးလိုက်ပါသည်။ မိစန္ဒီသည် အပြင်သွားတိုင်း ကြီးမားသည့် လွယ်အိတ်တစ်လုံးတွင် သူမ ကြိုက်နှစ်သက်သော သီချင်းစာအုပ်များနှင့် IT ပစ္စည်း များစွာကို သယ်ဆောင် သွားတတ်သူ တစ်ယောက် ဖြစ်ပါသည်။

''ညီမ အပြင် သွားတိုင်း ပါဖြစ်တဲ့ IT ပစ္စည်းလေးက ဖုန်းပေါ့။ အခုဆိုရင် နည်းပညာက အရမ်းကို တိုးတက် နေပြီလေ။ မော်ဒယ်လ်တွေ အရမ်းများလာတဲ့အတွက်လည်း လူတွေအတွက် ရွေးချယ်စရာတွေ များလာ တယ်။ အဲဒီအတွက်လည်း ကောင်းပါတယ်။ 

ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုယ်ကြိုက်တာကို ရွေးချယ် ဝယ်ယူလို့ရနိုင်တဲ့ အခြေအနေ ဖြစ်လာပြီလေ။ ဖုန်း တစ်လုံးပါတာနဲ့ ဓာတ်ပုံလည်း ရိုက်လို့ရတယ်။ သီချင်းလည်း နားထောင်လို့ ရတယ်။ ဖုန်း တစ်လုံးပါတော့ အရမ်း အဆင်ပြေတယ်။

ဒါကြောင့် ဘယ်သွားသွား ဖုန်းပါရင်တော့ ပြည့်စုံပါတယ်'' ဟုပြောခဲ့သည်။ ဆက်လက် ပြီး IT ပစ္စည်းများ အသုံးပြုသည့် အခါတွင် ရရှိနိုင်သည့် ဆိုးကျိုးနှင့် ကောင်းကျိုး များကိုလည်း ယခုလို ပြောပြ ခဲ့သည်။

'' IT က သုံးတတ်ရင်တော့ အကျိုးရှိပါတယ်။ မိစန္ဒီ ကင်မရာတစ်လုံး ဝယ်ထားတယ်။ သိပ်မသုံး ဖြစ်ဘူး။ ယူလည်း ယူမသွား ဖြစ်ဘူး။ အဲဒီလိုဆိုတော့ ဝယ်ထားတာ အလကား ဖြစ်တာပေါ့။ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်။ အဓိကကတော့ ပစ္စည်းကိုဝယ်တဲ့အခါမှာ ကိုယ်နဲ့ တကယ်ကို အဆင်ပြေလား၊ ကိုယ်ကရော တကယ်အသုံးလိုတာလားဆိုတာကို စဉ်းစားသင့်ပါတယ်။ 

အဲဒါမှ ကိုယ်တကယ် အသုံးလိုတာကိုဝယ်တော့ ပိုက်ဆံလည်း အလဟဿ မဖြစ်တော့ဘူးပေါ့။ နောက်ပြီး ဘယ်နေရာသွားသွား ပစ္စည်းဆန်းလေးတွေကရှိနေတော့ ဝယ်ဖြစ်ခဲ့မယ်ဆိုရင်တောင် ပြန်မနှမြော နိုင်လောက်တဲ့အရာ ဖြစ်ဖို့လည်း လိုအပ်တယ်လို့ မိစန္ဒီ ထင်မြင်မိပါတယ်'' ဟုပြောပြခဲ့သည်။ ။

အိအိမြတ်
မြ၀တီ

No comments:

Post a Comment

My Blog List