Friday, May 30, 2014

လက်ပံတောင်းတောင်မှ ကြေးနီထုတ်ယူရာတွင် အသုံးပြုရန် ဆာလ်ဖျူရစ် အက်စစ် ထုတ်ပေးမည့် မြန်မာ့စီးပွားရေးဦးပိုင်၏ မိုးကြိုးဆာလ်ဖျူရစ် အက်စစ်စက်ရုံ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရရှိ




လက်ပံတောင်းတောင်အား ဖြိုဖျက်၍ ကြေးနီထုတ်ယူရာတွင် ကြေးနီပါဝင်သော သတ္တုရိုင်းများအား အရည်ဖျော်ရန် အတွက် မရှိမဖြစ်လိုအပ်သည့် ဆာလ်ဖျူရစ်အက်ဆစ်အား အဓိကထုတ်လုပ်မည့် မြန်မာ့စီးပွားရေဦးပိုင်၏ မိုးကြိုးဆာလ် ဖျူရစ် အက်ဆစ်စက်ရုံမှာ နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိခဲ့ကြောင်း မေ ၂၉ ရက် ရက်စွဲဖြင့် နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြခဲ့မှုအရ သိရသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံသည် စက်မှုဝန်ကြီးဌာန၏ အသိအမှတ်ပြု ခွင့်ပြုထားခြင်း မရှိကြောင်းနှင့် နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရရှိမှု မရှိကြောင်းတွေ့ရှိခဲ့ပြီး အဆိုပါ အသိအမှတ်ပြု လက်မှတ်များရယူနိုင်ရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ် ရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်မည့် ကော်မတီ၏ လမ်းညွှန်မှုဖြင့် လုပ်ဆောင်ခဲ့ရာ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြစ်သည့် ဘေးကင်းလုံခြုံမှု အစီအမံများဖြင့် တည်ထောင်ထားသည့် စက်ရုံဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် တည်ထောင်ခွင့် ပြုခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရရှိရန် ဗြိတိန်နိုင်ငံအခြေစိုက် စင်ကာပူနိုင်ငံရုံးခွဲ၏ လက်အောက်ခံဖြစ်သည့် မြန်မာနိုင်ငံရှိ GIC (Myanmar) ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုကာ ယင်းကုမ္ပဏီမှ အဖွဲ့ဝင်ငါးဦးက ၂၀၁၃ ခုနှစ် မေ ၁၃ ရက်မှ မေ ၁၇ ရက်အထိ ငါးရက်တိုင်တိုင် သင်တန်းပို့ချခဲ့ပြီး ISO လက်မှတ်သုံးစောင် ရရှိရေးအတွက် ၂၀၁၃ ခုနှစ် ဇွန် ၁ ရက်အား Effective Date အဖြစ် သတ်မှတ်ကာ ကြိုတင်ပြင်ဆင်မှုကာလ ခြောက်လအဖြစ် လေ့လာဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြိုတင်ပြင်ဆင်သည့် ကာလအတွင်း လိုအပ်ချက်များအား သတ်မှတ်ချက်နှင့်
အညီ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ၂၀၁၄ ခုနှစ် ဧပြီ ၁၀ ရက်တွင် ISO လက်မှတ်သုံးစောင် ရရှိခဲ့ကြောင်း သိရသည်။

မိုးကြိုးဆာလ်ဖျူရစ် အက်စစ်စက်ရုံအတွက် ရရှိခဲ့သည့် ISO လက်မှတ်များမှာ အရည်အသွေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (ISO 9001-2008)၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (ISO 14001-2004)၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (ISO 18001-2007) စသည့် အသိအမှတ်ပြု လက်မှတ်များ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အသိအမှတ်ပြု လက်မှတ်များ ရရှိထားသည် ဆိုသော်လည်း စက်ရုံလည်ပတ်နေစဉ် ကာလအတွင်း ပတ်ဝန်းကျင် အပေါ် ထိခိုက်နိုင်မည့် အခြေအနေများအား လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာ အပေါ် အကောင်အထည်ဖော်ဆောင်မည့် ကော်မတီက အမြဲမပြတ်ကြီးကြပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သတ္တုရိုင်းများအား ဆာလ်ဖျူရစ်အက်စစ်ဖြင့် အရည်ဖျော်၍ ကြေးနီထုတ်ယူ ရာတွင် စံပယ်တောင်ကဲ့သို့ အက်စစ်အရည်ဖျန်းစနစ်ဖြင့် လုပ်ဆောင်မည်မဟုတ်ဘဲ အက်ဆစ်အစက်ချစနစ်ဖြင့် လုပ်ဆောင်မည် ဖြစ်သည့်အတွက် စံပယ်တောင်ထက် ဘေးအန္တရာယ်ထိခိုက်မှု ပိုမိုနည်းပါးသည့် အနေအထားတွင် ရှိနေသည်။ 

ထိုသို့ရှိနေသော်လည်း ကြေးနီထုတ်ယူအပြီး ကျန်ရှိနေသည့် စွန့်ပစ်မြေစာများမှ အက်စစ်ပျော်ရည်များမှာ မြေအောက်သို့ စိမ့်ဝင်၍ စီမံကိန်းနှင့်တစ်မိုင်ခန့်သာဝေးသည့် ချင်းတွင်းမြစ်မှတစ်ဆင့် မြန်မာ့အသက် သွေးကြောဖြစ်သည့် ဧရာဝတီမြစ်သို့စိမ့်ဝင်ကာ မြန်မာနိုင်ငံသားများအတွက် ဘေးကင်းလုံခြုံမှုမရှိ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ထိုသို့မဖြစ်စေ ရန် လက်ရှိအချိန်အထိ မည်သူကမျှ အာမခံချက်ပေးနိုင်မှု မရှိကြောင်း လက်ပံတောင်းတောင်အရေး လှုပ်ရှားသူ စာရေး ဆရာကြီး ဦးအံ့မောင်က ဝေဖန်ထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List