Monday, May 26, 2014

စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်းနေရာရှိ ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဆောင်သို့ အထူးကုဌာနကြီးများနှင့် လူနာများပြောင်းရွှေ့မှု ရာနှုန်းပြည့်နီးပါး ပြီးစီး


ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် အထူးကုဌာနကြီး ငါးခုမှ လူနာများအား ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ယခင်စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်းနေရာရှိ ဆေးရုံကြီးတိုးချဲ့ဆောင် (ခုတင် ၅၀၀ ဆံ့) သို့ ပြောင်းရွှေ့လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာပပ၏ ပြောကြားချက်အရ သိရသည်။

အထူးကု ဌာနကြီးများအနက် အဆုတ်နှင့် ရင်ခေါင်းဆေးကုဌာန၊ ဆီးနှင့်ကျောက်ကပ်ဆေး အထူးကုဌာန၊ အရိုးအကြောအဆစ် အထူးကုဌာန၊ အသည်းအထူးကုဌာန စသည့်ဌာနအချို့ကို ပြောင်းရွှေ့ခြင်းဖြစ်ရာ လူနာဆောင်ရှိ လူနာများကိုပါ တစ်ပါတည်း ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးရုံကြီးရှိ ကျန်ရှိနေသည့် အခြားဌာနများကိုမူ ဆေးရုံကြီးဝင်းအတွင်း ယခင်မီးဖိုဆောင်ဟောင်း နေရာတွင် အသစ်ဆောက်လုပ်နေ သည့် ငါးထပ်အဆောက်အအုံသို့ ပြောင်းရွှေ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းငါးထပ်အဆောက်အအုံ ဆောက်လုပ်နေသည်မှာ ရာခိုင်နှုန်း ၇၅ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“ရင်ခေါင်းခွဲစိတ်ဌာနကလွဲရင် ပြောင်းဖို့စီစဉ်ထားတဲ့ ဌာနအားလုံး ပြောင်းပြီးသွားပါပြီ။ လူနာတွေလည်း ရောက်သွားပါပြီ။ ဒီလကုန်ရင် အားလုံးပြောင်းပြီးသွားမှာပါ” ဟု ဒေါက်တာပပက ဆက်လက်ပြောကြား သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ်ကတည်းက စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ ပထမအဆင့် အနေဖြင့် လုပ်ငန်းကြီးကိုးခုကို ပြည်တွင်းရှိ တင်ဒါကုမ္ပဏီ ကိုးခုဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများအနက် ဆေးကုသဆောင်များအား အကြီးစားမွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းများ၊ OT Complex, Imaging Complex ပါဝင်သော တိုးချဲ့ငါးထပ်ဆောင် ဆောက် လုပ်ခြင်းလုပ်ငန်းများ၊ ဆေးရုံကြီးပင်မဆောင် ၀င်းအတွင်း ကားပါကင်၊ မြေဆိုက်ဆိုင်းဘုတ်စိုက်ထူခြင်း လုပ်ငန်းများ၊ လျှပ်စစ်သွယ်တန်းခြင်း လုပ်ငန်းများ စသည်တို့ ပါဝင်ကြောင်း သိရသည်။

ဆေးရုံကြီး အဆင့်မြှင့်တင်ရန်အတွက် လူနာများအားလုံး ပြောင်းရွှေ့ပြီးမှသာ ပင်မဆောင်ကို ပြုပြင်မွမ်းမံ သွားမည်ဖြစ်ရာ ဆေးရုံကြီး ပင်မဆောင်အား ပြုပြင်မွမ်းမံရန်အတွက် အဆောက်အအုံ၏ ပင်မကြံ့ခိုင်မှုအပိုင်းကို ဆောက်လုပ်ရေး ပညာရှင်များဖြင့် စစ်ဆေးမှု ပြုလုပ်ပြီးဖြစ်ကြောင်းနှင့် ပင်မဆောင်အား ပြုပြင်မွမ်းမံရာတွင် ရှေးမူလက်ရာမပျက် ပြုပြင်နိုင်ရန်အတွက် နိုင်ငံတကာမှ နည်းပညာအထောက်အပံ့များဖြင့် ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အစိုးရမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် ကျပ်သန်းပေါင်း ၄ ဒသမ ၅ ဘီလျံ ထပ်မံအသုံးပြုသွားရန် လျာထားကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ငါးဘီလျံ အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List