Friday, May 30, 2014

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ရန် ဦးသိန်းညွန့်၏ အဆို လွှတ်တော်ဆိုင်းငံ့


အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်ပေးရန် နိုင်ငံတော်သမ္မတသို့ တိုက်တွန်းသည့် သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အဆိုကို ပြည်သူ့လွှတ်တော်က ဆိုင်းငံ့လိုက် ကြောင်း ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာသည်။

နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ မေလ ၂၉ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒဿမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ အစီအစဉ်တွင် ယင်းသို့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံထုတ်ပြန်ရေး ပြည်သူ့လွှတ်တော်မှ တစ်ဆင့် နိုင်ငံတော်သမ္မတ ထံသို့ တိုက်တွန်းသည့် ဦးသိန်းညွန့်၏ အဆိုကို မေလ ၂၉ ရက်နေ့က လွှတ်တော် အစီအစဉ်များတွင် ထည့်သွင်းထားသော်လည်း အစီအစဉ် နောက်ဆုံးအချိန်၌ ယင်းအဆိုကို လာမည့်လွှတ်တော် အစည်း အဝေးများ၌သာ ဆက်လက်ဆွေးနွေးရန်ဟု သူရဦးရွှေမန်းက ကြေညာလိုက်ပြီး အချိန်အတိအကျကိုမူ ပြောဆိုခြင်း မရှိပေ။

“ဒီအဆိုကို Sky-net က တစ်ဆင့် အကျဉ်းကျခံနေရသူတွေ သူတို့ မိသားစုတွေက အကြီးအကျယ် မျှော်လင့်နေမှာ” ဟု ဦးသိန်းညွန့်က ဆိုသည်။

သို့သော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်လည်း ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းအဆိုကို လွှတ်တော်အစီအစဉ်များအတွင်း ထည့်သွင်းသည်ကိုပင် ကျေးဇူး တင်ကြောင်း၊ လွှတ်တော်အစီအစဉ်တွင် ပါဝင်ပြီး ဖြစ်သည့်အတွက် မလွဲမသွေ ဆွေးနွေးရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတက လမ်းညွှန် ဖွဲ့စည်းထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ ဝင်လည်း ဖြစ်သူ ဦးသိန်းညွှန့်က ယခုအဆိုကို အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟု ယူဆရသူများ၊ နိုင်ငံရေးအကျဉ်းသားမဟုတ်သော်လည်း နိုင်ငံတော်တာဝန်ကို ထမ်းဆောင် ခဲ့သူများ ပြန်လည် လွတ်မြောက်လာရေးအတွက် နဝမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများ ကျင်းပနေစဉ် ဇန်နဝါရီ ၇ ရက်နေ့ကတည်းက တင်သွင်းထားခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် အမိန့်အမှတ် (၁/၂၀၁၄) ဖြင့် နောက်ဆုံးအကြိမ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးခဲ့ပြီး အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား မရှိဟု ကြေညာခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကမူ နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေးကြောင်း ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List