Thursday, May 29, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအား အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် မျက်ကွယ်ပြုနေပါက နိုင်ငံရေးအကျပ်အတည်းသို့ ဦးတည်သွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို သုံးသပ်



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအား အုပ်ချုပ်ရေးမဏ္ဍိုင် အနေဖြင့် မျက်ကွယ်ပြုနေပါက နိုင်ငံရေးအကျပ်အတည်း တစ်ရပ်ဆီသို့ ဦးတည်သွားနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သူရဦးအောင်ကိုက ပြောကြားသည်။မေ ၂၈ ရက်ကပြုလုပ်သော ပြည်သူ့ လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများနှင့် တွေ့ဆုံကာ သူရဦးအောင်ကိုက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းဖို့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေနဲ့ ပြည်သူတွေက ဒီနေ့ တောင်းဆိုနေကြတယ်။ နိုင်ငံတကာကလည်း အလားတူပဲ။ အထူးသဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင် အနေနဲ့ ဒီတောင်းဆို မှုတွေကို မျက်ကွယ်ပြုနေမယ်ဆိုရင် နိုင်ငံရေးအကျပ်အတည်း တစ်ရပ်ဆီ ဦးတည်သွားနိုင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြခံဥပဒေကို မပြင်ဆင်ပါက ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် အခက်အခဲ များစွာ ကြုံတွေ့နိုင်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပင် ပျက်သွားနိုင်ကြောင်း သူရဦးအောင်ကိုက ထည့်သွင်းပြောကြားသည်။

ထို့အပြင် တိုင်းရင်းသားများ တောင်းဆိုနေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သယံဇာတ အကျိုးအမြတ် ခွဲဝေခံစားခွင့်၊ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး အစရှိသည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်အတွက် အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုသို့ ထာဝရငြိမ်းချမ်းရေး ရရှိရန်၊ ပြည်သူများ၏ ဘ၀မြင့်မားတိုးတက်ရန်၊ စစ်မှန်သည့် ဒီမိုကရေစီ ထွန်းကားရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ရေးမှတစ်ပါး အခြားမရှိဟု သူရဦးအောင်ကိုက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်လျက်ရှိပြီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှစကာ ပြုလုပ်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ သိန်းချီသော ပြည်သူများက လက်မှတ်ရေးထိုးလျက်ရှိကာ ဇူလိုင် ၁၉ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းမီဒီယာသမားများအား တရားစွဲ အရေးယူမှုများနှင့် ပတ်သက်၍လည်း ယင်းကိစ္စသည် တရားစီရင်ရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ ပူးပေါင်းကာ သတင်းမီဒီယာ စတုတ္ထမဏ္ဍိုင်အပေါ် စိန်ခေါ်သကဲ့သို့ မဖြစ်သင့်ကြောင်း
လည်း ထည့်သွင်းပြောကြားသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List