တောင်ငူခရိုင် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကိုကောင်းထက်ကျော်ကို ရိုက်နှက်ပြီး ဖမ်းဝရမ်း ထုတ်ပြန်ထားခြင်းကို ဆန့်ကျင် ကန့်ကွက်သည့် အနေနှင့် မြင်းခြံ၊ တောင်ငူ၊ မန္တလေးနှင့် မုံရွာခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၅၀ ဦးခန့်သည် မေလ၂၅ ရက် နံနက်ပိုင်းက တောင်ငူမြို့တွင် စီတန်းလှည့်လှည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် မေလ ၁၄ ရက်နေ့က လယ်ယာမြေ သိမ်းဆည်းခံရသည့် ပြဿနာ များနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ကူညီခဲ့သည့် ကိုကောင်းထက်ကျော်ကို မတရားရိုက်နှက်ပြီး ပုဒ်မ- ၅၀၅ (ခ) ဖြင့် ဖမ်းဝရမ်း ထုတ်ပြန်ထားခြင်းကို ရုပ်သိမ်းပေးရန်၊ သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို အရေးယူပေးရန်၊ သိမ်းဆည်းခံ မြေယာများ ပြန်လည်ပေးအပ်ရန်နှင့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြန်လည် ပြင်ဆင်ပေးရန် စသည့် အချက် လေးချက်ကို ကြွေးကြော်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။
မြင်းခြံ၊ တောင်ငူ၊ မန္တလေးနှင့် မုံရွာခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၅၀ ဦးခန့်သည် တောင်ငူမြို့နယ် ရွှေဆံတော်ဘုရား အရှေ့ဘက်မုခ်မှ စတင်ကာ နံပါတ် ၆ လမ်း၊ ကုန်သည်ကြီးလမ်း၊ ကန်လမ်း၊ ရန်ကုန်-မန္တလေးလမ်း၊ ဗိုလ်မှူးဖိုးကွန်း လမ်းမှ ကုန်သည်ကြီးလမ်းပေါ် ပြန်တက်ကာ ဈေးလမ်းမှ ဘုရားလမ်းအတိုင်း စီတန်းလှည့်လည် လမ်းလျှောက် ကြွေးကြော်ခဲ့ပြီး ရွှေဆံတော်ဘုရား အရှေ့ဘက်မုခ်တွင် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြကြောင်း တောင်ငူမြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးဆန်ဂျေးက ပြောကြားသည်။
“ဒီဆန္ဒဖော်ထုတ်ပွဲနဲ့ ပတ်သက်ပြီး မြို့နယ်တာဝန်ရှိသူတွေကို အကြောင်းမကြားပါဘူး။ ကျောင်းသားသမဂ္ဂ အဖွဲ့ရဲ့ ယုံကြည်ချက်မှာ အာဏာပိုင် အဖွဲ့အစည်းတွေကို အသိပေး အကြောင်းကြားပြီးမှ ဆန္ဒဖော်ထုတ်ရမယ် ဆိုတာလည်း မရှိပါဘူး။ အယုံကြည်လည်း မရှိပါဘူး” ဟု တောင်ငူခရိုင် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ကျောင်းသားသမဂ္ဂ အဖွဲ့အနေနှင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းကို အသိအမှတ်ပြု အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါက မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များက ယခုထက် ပို၍ ဆန္ဒဖော်ထုတ်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကိုကောင်းထက်ကျော် အပေါ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မတရားရိုက်နှက် ဖမ်းဆီးရန် ပြုကျင့်မှုအတွက် အချက်ငါးချက်ပါ သဘောထား ကြေညာချက်ကို ဆန္ဒဖော်ထုတ်ပွဲနှင့်အတူ ဖြန့်ဝေပေးခဲ့ကြောင်း တောင်ငူခရိုင် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ထက်က ပြောကြားသည်။
“ကျွန်မ သားလေးကို အခင်းဖြစ်တဲ့ နေ့ကတည်းက ပြန်မတွေ့ရသေးတာပါ။ ရိုက်နှက်ခံရတဲ့ နေ့ကတည်းက မျက်ရည်နဲ့ မျက်ခွက်ပါပဲ။ ကျောင်းပြန်တက်နိုင်ဖို့နဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဝရမ်း ထုတ်ပြန်ထားတာကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တာဝန်ရှိတဲ့သူတွေကို တောင်းဆိုပါတယ်” ဟု မေလ ၁၄ ရက်က သဲကုန်းမြို့နယ် တရားရုံးရှေ့တွင် တုတ်နှင့် ရိုက်နှက် ကန်ကျောက်ခံခဲ့ရပြီး သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဖမ်းဝရမ်း ထုတ်ပြန်ခံထားရသူ ကိုကောင်းထက်ကျော်၏ မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်အေးက ဆိုသည်။
ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်ပြီး မြို့နယ်အာဏာပိုင် အဖွဲ့အနေနှင့် အရေးယူ၊ မယူကို မပြောကြားလိုကြောင်း၊ ယခုအချိန်သည် ရွှေဆံတော်ဘုရားပွဲ ကျင်းပနေချိန် ဖြစ်သောကြောင့် ဆန္ဒဖော်ထုတ်ပွဲကို အေးချမ်းစွာ လူစုခွဲပေးရန် ကျောင်းသားသမဂ္ဂ အဖွဲ့ခေါင်းဆောင်များကို လာရောက် အသိပေးခြင်းသာ ဖြစ်ပါကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေး မှူး ဦးသိန်းဇော်ဝင်းက မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။
ကိုကောင်းထက်ကျော် ဖမ်းဆီး ရိုက်နှက်ခံရမှုနှင့် တရားခံပြေးအဖြစ် ကြေညာခံထားရခြင်းအပေါ် မေလ ၁၅ ရက်က မန္တလေးမြို့ မေလ ၁၈ နှင့် ၁၉ ရက် နေ့များတွင် သဲကုန်းမြို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ကြေညာ စာတမ်း ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ပြီး သဲကုန်းတရားရုံး ရှေ့တွင်လည်း ဆန္ဒဖော်ထုတ်ခဲ့ကာ ပြည်မြို့တွင် မေလ ၂၂ ရက်ကလည်း ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဗဟိုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment