Wednesday, May 28, 2014

ယူကရိန်း အရှေ့ဘက်ရှိ ဒွန်နီဆတ်လေဆိပ်ကို ခွဲထွက်ရေးဝါဒီများ သိမ်းပိုက်ရန် ကြိုးပမ်းပစ်ခတ်မှုကြောင့် ၃၀ ကျော်သေဆုံး



ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသ ရုရှားလိုလားသူ အများစု ကြီးစိုးရာ ဒွန်နီဆတ်မြို့ လေဆိပ်တွင် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရာ ရုရှားလိုလားသော ခွဲထွက်ရေးဝါဒီ အနည်းဆုံး ၃၀ ကျော်ခန့် သေဆုံးသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ ရုရှားလိုလားသော ခွဲထွက်ရေး ဝါဒီများက ဒွန်နီဆတ်လေဆိပ်ကို သိမ်းပိုက်ရယူရန် ကြိုးစားရာမှ ယူကရိန်း လုံခြုံရေး တပ်ဖွဲ့များနှင့် တိုက်ခိုက်ကြခြင်း ဖြစ်သည်။
CNN သတင်းဌာန၏ အဆိုအရ လေဆိပ်ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည့် လက်နက်ကိုင် ခွဲထွက်ရေး သမားများကို ယူကရိန်းစစ်ဘက်က လေကြောင်းမှတစ်ဆင့် တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 

ဒွန်နီဆတ် ပြည်သူ့သမ္မတနိုင်ငံဟု ဆိုထားသည့် အဆိုပါ ဒွန်နီဆတ်ပြည်နယ်၏ အထူးကိုယ်စားလှယ်၏ အဆိုအရ တနင်္လာနေ့က ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှုသည် ပြင်းထန်ပြီး သေဆုံးသူ အနည်းဆုံး ၃၀ ခန့် ရှိကြောင်း သိရသည်။ 

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုမှာ ခွဲထွက်ရေးဝါဒီများက တနင်္လာနေ့ နံနက်ပိုင်းတွင် ဒွန်နီဆတ် လေဆိပ်အား သိမ်းပိုက်ရန် ဝင်ရောက် စီးနင်းမှု ပြုလုပ်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ လက်နက်ကိုင် ခွဲထွက်ရေး ဝါဒီများကို ယူကရိန်းစစ်တပ်က လေကြောင်းသာမက လက်နက်ကြီးများ တပ်ဆင်ထားသော တပ်ဖွဲ့ဝင်များဖြင့် နှိမ်နင်း တိုက်ခိုက်ခဲ့ကြသည်။ 

ယူကရိန်း အာဏာပိုင်တို့က အကြမ်းဖက် နှိမ်နင်းရေး စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အခြေအနေ အရပ်ရပ်မှာ လပေါင်းများစွာ ကြာမြင့်မည် မဟုတ်သော်လည်း နာရီပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ပြောကြားသည်။ 

လက်ရှိ အနေအထားတွင် အဆိုပါ လေဆိပ်ကို မည်သူတို့က ထိန်းချုပ်ထားသည်ဟူသော အချက်မှာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ 

ဒွန်နီဆတ်အခြေစိုက် သတင်းထောက်များ၏ အဆိုအရ ပစ်ခတ်တိုက်ခိုက်မှုများသည် နေ့ရောညပါ ဖြစ်ပေါ်လျက်ရှိသည်။ 

ယခုကဲ့သို့ ဒွန်နီဆတ် လေဆိပ်ကို စီးနင်းရန် ကြိုးပမ်းခြင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်သော ရွေးကောက်ပွဲ၌ အနိုင်ရရှိသွားသည့် အသက် ၄၈ နှစ်အရွယ် ဘီလီယံနာနှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ပိုရိုရှန်ကိုအား ယင်းဒေသသို့ လာရောက်မှု မပြုနိုင်အောင် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ယူကရိန်း အာဏာပိုင်တို့က ခန့်မှန်းသည်။ 

ရွေးကောက်ပွဲတွင် မဲ ၅၄ ရာခိုင်နှုန်း ရရှိကာ အနိုင်ရရှိသွားသည့် မစ္စတာပိုရိုရှန်ကိုက ယူကရိန်းကို ဆိုမာလီယာကဲ့သို့ အခြေအနေမျိုးထဲသို့ ရောက်ရှိသွားခြင်း မရှိအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယူကရိန်းတွင် လက်ရှိ ဖြစ်ပေါ်နေသော အကျပ်အတည်းများနှင့် ပဋိပက္ခများအားလုံး အဆုံးသတ်နိုင်ရန် ရုရှားအစိုးရနှင့် ဆွေးနွေးလိုကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List