Thursday, May 29, 2014

တိုတိုနှင့် ထိရောက်သည့် မေးခွန်းများမေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း



လွှတ်တော်အစည်းအဝေးများ၌ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းရာ၌ ဆိုလိုရင်းကို တိုတိုရှင်းရှင်းနှင့် ထိရောက်စွာ မေးမြန်းကြရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်းလိုက်သည်။
နေပြည်တော် လွှတ်တော်အဆောက်အအုံ၌ မေလ ၂၈ က ကျင်းပသော ပထမအကြိမ်အမျိုးသားလွှတ်တော် ဒဿမ ပုံမှန်အအစည်းအဝေး ပထမနေ့တွင် ၎င်းက ယင်းသို့ တိုက်တွန်းခြင်း ဖြစ်သည်။

လွတ်လပ်ရေးရပြီးစ ပါလီမန်အစည်းအဝေးများ၌ ကိုယ်စားလှယ်များ၏ မေးခွန်းများမှာ အလွန်တိုတောင်းပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ကလည်း တိုက်ရိုက် ဖြေကြားသည့်အတွက် အချိန်များစွာ တိုတောင်းကြောင်း၊ အမျိုးသားလွှတ်တော် နည်းဥပဒေ၌လည်း လိုအပ်ခြင်းမရှိဘဲ ရှည်လျားသော မေးခွန်းမမေးရန် သတ်မှတ်ထားကြောင်း၊ နိုင်ငံတကာ လွှတ်တော် အချို့၌ မေးခွန်းမေးမည့်အချိန်ကို နှစ်မိနစ် သတ်မှတ်ထားသော်လည်း အမျိုးသားလွှတ်တော်တွင် သတ်မှတ်ထားခြင်း မရှိကြောင်း သို့ဖြစ်၍ မေးခွန်းများကို တတ်နိုင်သမျှ တိုတိုနှင့် ထိရောက်စွာ မေးမြန်းရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်း ပြောကြားသည်။

လွှတ်တော်၌ မေးခွန်းများ မေးမြန်းရာ၌ ဒေသအခြေအနေကို နားလည်အောင် ရှင်းပြရကြောင်း၊ အချို့ ကိုယ်စားလှယ် များကမူ မေးခွန်းများ ရှည်လျားပြီး သက်ဆိုင်ရာဝန်ကြီးများ ဖြေစရာ မလိုအောင်ပင် မေးမြန်းပြောဆိုမှု ကြုံတွေ့ရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ရှင်းပြသည်။

“ဒါလိုက်နာသင့်ပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ တိုက်တွန်းမှုအပေါ် ၎င်းက မှတ်ချက်ပြု သည်။

လွှတ်တော်၌ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းရာ၌ သတ်မှတ်အချိန် အတိုင်းအတာအတိုင်း ထိရောက်စွာ အသုံးပြုရန် လိုအပ်ပြီး သမားဂုဏ်ပြ မေးခွန်းများကို အချိန်ယူ မေးမြန်းရန် မသင့်ကြောင်း၊ အဆိုပါ ကြန့်ကြာမှုများကြောင့် မေးမြန်းခွင့် အချိန်မရသည့် အထင်အမြင်လွဲမှားမှု ကြုံရကြောင်း ပြည်သူ့လွှတ်တော် လူ့အခွင့်အရေး ကော်မတီ၏ အစီရင်ခံစာ ၁/၂၀၁၄ တွင် ဖော်ပြထားသည်။

လွှတ်တော် အစည်းအဝေးများ၌ ကိုယ်စားလှယ်အချို့က မေးခွန်း မေးမြန်းရာတွင် ရှုပ်ထွေး ရှည်လျားခြင်း၊ မေးခွန်းနှင့် မသက်ဆိုင်သည့် ကိစ္စရပ်များ ထည့်သွင်း ပြောဆိုခြင်းနှင့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် ပြည်ပနိုင်ငံများကို ထိခိုက်ပြောဆိုမှု များကြောင့် လွှတ်တော် ဥက္ကဋ္ဌများက မကြာခဏ သတိပေးမှုများ ကြုံတွေ့နေရကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List