Friday, December 13, 2019

“ဆရာဝန်များကို ယခင်ခေတ်က အမိန့်အာဏာဖြင့် အလုပ်မဝင်မနေရ အင်အားသုံးဖိအားပေးခဲ့“ဟု NLDအမတ်ပြောကြားချက် တပ်ကိုယ်စားလှယ်ထကန့်ကွက်


“ဆရာဝန်များကို ယခင်ခေတ်က အမိန့်အာဏာဖြင့် အလုပ်မဝင်မနေရ အင်အားသုံးဖိအားပေးခဲ့“ဟု NLDအမတ်တစ်ဦး၏ပြောကြားချက်ကို တပ်ကိုယ်စားလှယ်မတ်တပ်ရပ်ထ ကန့်ကွက်ခဲ့သည်။

ဆရာဝန်များကို အလုပ်ခန့်ပြီးမှ ဗဟိုဝန်ထမ်းတက္ကသိုလ်သို့ တက်ရောက်ရန်စီစဉ်ပေးနိုင်ခြင်း ရှိ၊မရှိ ဆိုသည့်မေးခွန်းကို NLDအမတ်တစ်ဦး မေးမြန်းစဉ် ထည့်သွင်းပြောကြားချက်ထဲမှ အချို့ကို တပ်ကိုယ်စားလှယ်က နည်းဥပဒေနှင့်မညီသည့်အတွက်ကြောင့်ဆိုပြီး ထကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
မေးခွန်းမေးခဲ့သည့် မန္တလေးတိုင်းမဲဆန္ဒနယ်အမှတ်၆မှ ဒေါက်တာဦးကြွယ်ကြွယ်က “ကျွန်တော်ပြောတာ မမှားဘူးလေ“ဟု Myanmar Harp ကိုပြောသည်။
၎င်းက လွှတ်တော်ထဲ ပွတ်တိုက်မှုများ၊ညှိစွန်းမှုများရှိမည်စိုး၍ ယခင်အစိုးရဆိုသည့်စကားရပ်၊နဝတ၊နအဖဆိုသည့်စကားရပ် စသည်တို့ကိုပင် အသုံးမပြုခဲ့ဘဲ ယခင်ခေတ်က ဟုပင်သုံးနှုန်းခဲ့ကြောင်းရှင်းပြသည်။
ဒေါက်တာဦးကြွယ်ကြွယ်က “ယခင်ခေတ်က ဆရာဝန်တွေကို အမိန့်အာဏာဖြင့် အလုပ်မဝင်မနေရ အတင်းအင်အားသုံးဖိအားပေးတာတွေ၊မဝင်လျှင် ဆေးကုသခွင့် ဆရာဝန်မှတ်ပုံတင်လက်မှတ်ထုတ်မပေးတာတွေ ရှိခဲ့ပါတယ်။ဒါကို အခုအစိုးရက လိုက်လုပ်ဖို့ မသင့်ပါဘူး“ဟု မေးခွန်းမေးစဉ်ပြောဆိုခဲ့သည်။
ယင်းအပေါ် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ထိုစကားသည် နည်းဥပဒေ ၃၉(ဋ)နှင့်မညီညွှတ်ကြောင်း၊ထိုခေတ်ထိုကာလက လုပ်ထုံးလုပ်နည်းများနှင့်အညီသာဆောင်ရွက်ခဲ့ပြီး၊အင်အားသုံးဖိအားပေးကာ အလုပ်ဝင်ခိုင်းခြင်းများ၊မဝင်လျှင် သေဒဏ် စသည်ဖြင့် မရှိဘဲ လုပ်ထုံးလုပ်နည်းများနှင့်အညီသာဆောင်ရွက်ခဲ့၍ လွှတ်တော်ကိုယ်စားလှယ်ပြောကြားမှုကို မှတ်တမ်းမှ ပယ်ဖျက်ပေးရန် အမျိုးသားလွှတ်တော်ဥက္ကဌထံတောင်းဆိုခဲ့သည်။
အမျိုးသားလွှတ်တော်ဥက္ကဌက လုံးကောက်ကို ပြန်စီစစ်ကာ ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပြီး မတ်တပ်ထရပ်ခဲ့သော ဒေါက်တာဦးကြွယ်ကြွယ်ကို စကားပြောခွင့်မပေးခဲ့ပေ။
ဒေါက်တာဦးကြွယ်ကြွယ်က “ကျွန်တော်က ဆရာဝန်တစ်ယောက်ပါဗျာ။ကျွန်တော်ကိုယ်တိုင်သိပါတယ်။ကျွန်တော်ပြောတဲ့ထဲ သေဒဏ်တို့ ဘာတို့စကားလုံးလဲမပါပါဘူး။ ကျွ န်တော်ဆိုအလုပ်ထွက်ချင်တာတောင် ထွက်လို့ မရခဲ့ဘူး။၁၀နှစ်ကျော်လုပ်ခဲ့တာတောင်မှ လွယ်လွယ် ထွက်ခွင့်မရခဲ့ဘူး။နောက်ပြီး သတ်မှတ်နှစ်မပြည့်ဘဲ အလုပ်ထွက်ရင် ဆမလက်မှတ်ထုတ်မပေးတာတို့ ဒါတွေ တကယ်ရှိခဲ့တာပါ“ဟု Myanmar Harp ကိုပြောသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List