Thursday, December 12, 2019

မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ ဂမ်ဘီယာရဲ့စွပ်စွဲချက်ဟာ မှားယွင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

Image may contain: 1 person, suit

နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာက မြန်မာနိုင်ငံကို တရာစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ၁၀ နာရီ၊ မြန်မာစံတော်ချိန် ညနေ ၃ နာရီမှာ ဒုတိယနေ့အဖြစ် မြန်မာဘက်က လျှောက်လဲခဲ့ပါတယ်။
ပထမဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရခိုင်ဒေသမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ အာဆာအဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို နယ်မြေရှင်းလင်းရေးလုပ်တဲ့ စစ်ဆင်ရေးတွေကို နားလည်မှုလွဲစွာ မြန်မာနိုင်ငံဟာ ဂျီနိုဆိုက်ကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာက စွပ်စွဲပြောကြားချက်သာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လျစ်လျူရှုထားတာမရှိသလို ကျူးလွန်ချိုးဖောက်သူတွေကိုလည်း သက်ဆိုင်ရာတရားရုံးကနေ အပြစ်ပေးအရေးယူလေ့ရှိကြောင်းလည်း ထည့်သွင်းပြောကြားလိုက်ပါတယ်။
တပ်မတော်ရဲ့ ရခိုင်ဒေသပဋိပက္ခအတွင်း နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးဆောင်ရွက်ရာမှာ လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတွေကို စစ်တရားရုံးက တရားအမျှတမှု ရှာဖွေတဲ့အနေနဲ့ ကျူးလွန်သူတွေကို ထောင်ဒဏ်အပြစ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဂမ်ဘီယာအနေနဲ့ မြန်မာနိုင်ငံရှိ ရခိုင်ဒေသမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို လူမျိုးတုန်းသတ်ဖြတ်မှု(ဂျီနိုဆိုက်) လို့ စွပ်စွဲခြင်းဟာ မှားယွင်းနေကြောင်းနဲ့ တစ်ကယ်လို့ စစ်ဆင် ရေးအတွင်း လူ့အခွင့်အရေးကျူးလွန်တယ်လို့ဆိုရင် လူ့အခွင့်အရေးသဘောတူညီမှုတွေနဲ့သာ အရေးယူနိုင်ကြောင်းနဲ့ ဂျီနိုဆိုက်သဘောတူညီမှုအရ အရေးယူလို့မရဘူးလို့ ပြောပါတယ်။
ဒါ့ကြောင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ဘင်္ဂလီမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ် ခံရမှုအပေါ် တားဆီးဖို့၊ အပြစ်ပေးအရေး ယူဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွဲဆိုချက်ဟာ ခိုင်မာတဲ့သက်သေမရှိကြောင်းနှင့် အိုင်စီဂျေအနေဖြင့် ယခုအမှုကို စီရင်ပိုင်ခွင့်အာဏာမရှိကြောင်း ပြောကြားလိုက်ပါတယ်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ဒေသမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ပိုဆိုးသွားအောင် တရားရုံးအနေနဲ့ မဆုံးဖြတ်ပါနဲ့လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

မောင်မောင်/ Myanmar Harp

No comments:

Post a Comment

My Blog List