Thursday, December 12, 2019

ICJ တွင် တပ်မတော်၏ နယ်မြေရှင်းလင်းမှုများကို ဒေါ်အောင်ဆန်းစုကြည် ခုခံ ကာကွယ်

Image may contain: 1 person, closeup
ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ မရှိဘဲ ARSA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နယ်သာလန်နိုင်ငံ သည်ဟိတ် ICJ တရားရုံးတွင် ထွက်ဆိုသွားသည်။

ICJ တရားရုံးတွင် ဒုတိယနေ့အဖြစ် မြန်မာနိုင်ငံကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က လျှောက်ထားစဉ် ၎င်းက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
"ဂမ်ဘီယာနိုင်ငံအနေနဲ့ ရခိုင်နဲ့ပတ်သက်လို့ မပြည့်စုံတဲ့ အချက်အလက်အမှားတွေနဲ့ တင်ပြ လျှောက်ထားတာပါ" ဟု အစချီ၍ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် နောက်ခံသမိုင်းကြောင်းနှင့် ARSA ၏ တိုက်ခိုက်မှု အခြေအနေများကို ရှင်းလင်းပြောဆိုသည်။
"ကျမအနေနဲ့ အာမခံနိုင်တာက အရပ်သားတွေအပေါ်မှာ ကျူးလွန်တဲ့သူတွေကို သင့်တော်တဲ့ အရေးယူမှုတွေကို ဥပဒေနဲ့အညီ လုပ်ဆောင်ပါမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ရခိုင်အရေးသည် ရှုပ်ထွေးလှပြီး AA ရခိုင်တပ်မတော်နှင့် တပ်မတော်အကြား တိုက်ပွဲများကြောင့်လည်း အရပ်သား ပြည်သူများ ထိခိုက်ခံစားနေရကြောင်း၊ ARSA ၏ တိုက်ခိုက်မှုများကြောင့်လည်း တပ်မတော်က နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရပြီး ထိုသို့ ဆောင်ရွက်မှုများအတွင်း ကျူးလွန်မှုများကို စစ်ခုံရုံးဖြင့် စစ်ဆေးနေကြောင်း၊ အင်းဒင် လူသတ်မှုတွင် ၁၀ ဦးအသတ်ခံရမှုအတွက် စစ်ခုံရုံးဖြင့် စစ်ဆေးဆောင်ရွက်ခဲ့သော်လည်း ကျူးလွန်သူများကို စစ်ဘက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း၊ ယင်းသို့ လွှတ်ပေးလိုက်မှုအပေါ်လည်း မြန်မာပြည်သူများ စိတ်မသက်မသာ ဖြစ်ရကြောင်း၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်ဘက်မှ ကျူးလွန်သူများကို စစ်ခုံရုံးဖြင့်သာ စီရင်ခွင့်ရှိကြောင်း၊ လတ်တလော ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။
မြန်မာနိုင်ငံ၏ ရှေ့နေဖြစ်သူ မစ္စတာ ဝီလီယံ ရှဘတ်စ်က ဂမ်ဘီယာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့FFM ၏ အချက်အလက်များကို ကိုးကား၍ သက်သေ တင်ပြခဲ့သော်လည်း ခိုင်လုံမှု မရှိကြောင်း၊ အစီရင်ခံစာတွင်လည်း လူမျိုးတုန်းသတ်ဖြတ်မှုဟု သုံးစွဲခြင်းမရှိဘဲ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုများဟု သုံးစွဲထားကြောင်း ပြောဆိုသည်။
ဂမ်ဘီယာ၏ တင်ပြချက်များတွင် သက်သေ မခိုင်လုံသည့်အပြင် လူအမြောက်အမြား မြှုပ်နှံထားမှုများ မရှိကြောင်း၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာကို သာ အဓိက ကိုးကားခဲ့ကြောင်း၊ အစီရင်ခံစာတွင် ရွာ ၃ ရွာ၏ မှ အဆိုးရွားဆုံးဖြစ်ရပ်များကို တင်ပြခဲ့ပြီး သေဆုံးသည့် အရေအတွက်နှင့်ပတ်သက်၍လည်း သံသယ ဖြစ်စရာများရှိနေကြောင်း၊ ပုံကြီးချဲ့မှုများရှိနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက်မရှိ၍ ကြားဖြတ်အမိန့် ချမှတ်ရန် ပယ်ချသင့်ကြောင်း တင်ပြသွားသည်။
Photo Credit - Reuters

No comments:

Post a Comment

My Blog List