Monday, December 09, 2019

နိုင်ငံတော်အတိုင်ပင်ခံအား ထောက်ခံကြောင်း ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ဆန္ဒထုတ်ဖော်


ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား သွေးချင်းသားရင်း ညီအစ်ကိုမောင်နှမများ မြန်မာနိုင်ငံ အကျိုးစီးပွား အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာလ ၈ ရက် မွန်းလွဲပိုင်းက တောင်ကိုရီးယားနိုင်ငံ ဖူဖြောင်းဘူတာရှေ့ရှိ ရဲစခန်းဘေးရင်ပြင်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တွင် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ် နိုင်ငံတော်အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အပြည်ပြည်ဆိုင်ရာ တရားရုံးတည်ရှိရာ နယ်သာလန်နိုင်ငံသို့ သွားရောက်ရင်ဆိုင်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ခေါင်းဆောင်ပီသစွာ တာဝန်သိမှု၊ တာဝန်ယူမှုကို ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားမိသားစုများက အတိုင်းမသိ လေးစားကြည်ညိုမိပါကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုသည် ပြည်ထောင်စုတစ်ခုလုံးနှင့် ပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသားပေါင်းစုံ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေသည့် လုပ်ရပ်ဟု ရှုမြင်ကြောင်း၊ အကြမ်းဖက်မှုသည် မြန်မာနိုင်ငံ၏ မူဝါဒမဟုတ်ပါ။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသည် လူသားချင်း စာနာစိတ် မေတ္တာတရားကြီးမားသော၊ လူ့အခွင့်အရေးကို လေးစားလိုက်နာ တန်ဖိုးထားကြသော နိုင်ငံသူ၊ နိုင်ငံသားများဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးသို့ သိစေလိုကြောင်း၊ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်သည့် ပြဿနာအချို့ရှိနိုင်သော်လည်း ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့် လူမျိုးတုံးသတ်ဖြတ်ခြင်းမျိုး လုံးဝမရှိဘဲ ရာဇဝတ်မှု ကျူးလွန်သူများကိုလည်း အရေးယူသည့် မူဝါဒများ မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆက်လက်၍ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို ဘက်မလိုက်ဘဲ ရှုမြင်သုံးသပ်စေလိုကြောင်း၊ ရခိုင်ဒေသအတွင်းရှိ လူမျိုးစုများအပေါ် အကြမ်းဖက်ကျူးလွန်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့အစည်း၏ လုပ်ရပ်အမှန်ကိုလည်း ဖော်ထုတ် အရေးယူပေးစေလိုကြောင်းနှင့် အဆိုပါ ARSA အဖွဲ့ကို ထောက်ပံ့နေသော နိုင်ငံများကို လည်း ကန့်ကွက်အရေးယူသင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တက်ရောက်မည့် ခရီးစဉ်သည် အပြည်ပြည်ဆိုင်ရာ တရားရုံးရှိရာ နယ်သာလန်နိုင်ငံအစိုးရ၏ တရားဝင် နိုင်ငံ့ခေါင်းဆောင်အဖြစ် ဖိတ်ကြားမှုအရ သွားရောက်မည့် ခရီးစဉ်မဟုတ်သည့်အတွက် ကျွန်ုပ်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး ဆိုင်ရာ ကိစ္စအရပ်ရပ်များအတွက် အထူးစိုးရိမ်ပူပန်မှုများဖြစ်ရပါကြောင်းနှင့် လုံခြုံရေးအပေါ် အထူးအလေးထား ပေးရန်ကိုလည်း သတိပြုစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဉာဏ်ပညာ အမြော်အမြင်ကြီးမားမှု၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးအပေါ် ကျောသားရင်သား မခွဲခြားဘဲ ချစ်ခြင်းမေတ္တာကြီးမားမှုတို့ကြောင့် ကျွန်ုပ်တို့ပြည်ထောင်စုတစ်ခုလုံးနှင့် တိုင်းရင်းသားပေါင်းစုံ ပြည်ထောင်စုတစ်ရပ်လုံး၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကိုကောင်းစွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း၊ ထို့ကြောင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားမိသားစုများက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ခိုင်မာစွာ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း – ရဲထက်ကျော်

ဓာတ္ပုံ – Soe Moe Thu FB

No comments:

Post a Comment

My Blog List