Wednesday, December 11, 2019

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော တပ်မတော် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အဓိက တာဝန်ရှိပြီး မြန်မာအစိုးရက သတ်ဖြတ်မှုများကို ဟန့်တား ကာကွယ်ရန် ပျက်ကွက်ဟု ဂမ်ဘီယာ တင်ပြ

Image may contain: 2 people, eyeglasses and closeup
ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင် (ခေါ်) ရိုဟင်ဂျာများ လူမျိုးတုန်းသတ်ဖြတ်ခံရမှုတွင် တပ်မတော်က အဓိက တာဝန်ရှိပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဗိုလ်ချုပ်များကို ICC တရားရုံး တွင် တင်သင့်ဆိုသော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး UN FFM အဖွဲ့၏ အစီရင်ခံစာကို ကိုးကား၍ ဂမ်ဘီယာ နိုင်ငံက ယနေ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် စတင် လျှောက်လဲချက် ပေးသည်။

ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ တရားစွဲဆိုထားမှုကို ယနေ့ ဂမ်ဘီယာနိုင်ငံက စတင် လျှောက်လဲချက်ပေးရာတွင် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့များ၊ ကိုယ်စားလှယ်များ၏ အစီရင်ခံစာများကို ကိုးကား၍ လျှောက်လဲချက်ပေးခဲ့ခြင်းဖြစ်သည်။
တပ်မတော်သည် နယ်မြေရှင်းလင်းရေး ဟူသော ခေါင်းစဉ် ARSA အဖွဲ့ကို ရှာဖွေ ရှင်းလင်းသည်ဟုဆိုသော်လည်း ရိုဟင်ဂျာ(ခေါ်) မွတ်စလင်များကို ပစ်မှတ်ထားခဲ့ကြောင်း၊ မွတ်စလင်များကို မီးရှို့ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ကလေးငယ်များကို သတ်ဖြတ်ခြင်း စသည့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အစီရင်ခံစာ ပါ အကြောင်းအရာများကို သက်သေအဖြစ် တင်သွင်းခဲ့သည်။
မြန်မာပြည်အခြေအနေများသည် ရဝမ်ဒါနိုင်ငံတွင်း ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုများ၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေများကို ဥပမာပေး၍ လည်း တင်ပြခဲ့ပြီးမြန်မာနိုင်ငံတွင် လူသားချင်းဖြစ်သော်လည်း မွေးဖွားရာ အသားအရောင်၊ သွင်ပြင်ပေါ်မူတည်၍ ခွဲခြားဆက်ဆံမှုများ ရှိကြောင်းလည်း ဂမ်ဘီယာနိုင်ငံက တင်ပြသွားသည်။
လက်ရှိအခြေအနေတွင်လည်း ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသော မွတ်စလင်များသည် လူမျိုးတုန်းသတ်ဖြတ်ခံရမည့် အခြေအနေများ ရင်ဆိုင်နေရပြီး စစ်တွေရှိ အောင်မင်္ဂလာဒုက္ခသည်စခန်းတွင် မွတ်စလင်များ စစ်တပ်၊ ရဲတပ်ဖွဲ့က ပိတ်လှောင်ထားမှု အခြေအေနများကို ရှင်းပြ၍ ဥပမာပေးပြီး ဂမ်ဘီယာဘက်က တင်ပြသည်။
ဂမ်ဘီယာတင်ပြချက်တွင် မြန်မာနိုင်ငံသည် လူမျိုးတုန်းသတ်ဖြတ်မှုများ မရှိဟု အမြဲလိုလို ငြင်းဆိုပြီး သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်၏ ပြောဆိုချက်များကို ကိုးကား၍ လည်း တင်ပြသည်ကို တွေ့မြင်ရသည်။ မြန်မာအစိုးရအနေဖြင့် တပ်မတော်၏ နယ်မြေရှင်းလင်းမှုများကို တားဆီးရန် ပျက်ကွက်ခဲ့ပြီး ရိုဟင်ဂျာများအပေါ် သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးများကို တားဆီးရန် ပျက်ကွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်က ဦးဆောင်သော အကြမ်းဖက်မှုမျိုး အချက်အလက်များရှိနေကြောင်း၊ လူမှုကွန်ရက်များတွင် အမုန်းစကားများဖြင့် ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေပြီး ဘင်္ဂါလီများ၊ အကြမ်းဖက်သမားများဟု သွင်ပြင်လက္ခဏာပေါ် မူတည် ခွဲခြားမှု ရှိသည်ဆိုသော အချက်များ ပါဝင်သည်။
ဂမ်ဘီယာနိုင်ငံရှေ့နေများက ကရင်ပြည်နယ် ဘားအံမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် တင်ခဲ့သော ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ပိုစတာ ဓာတ်ပုံကို ဖော်ပြပြီး မြန်မာအစိုးရနှင့် စစ်တပ်သည် အတူတူပင်ဖြစ်ပြီး မြန်မာအစိုးရအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ကာကွယ်ရန် ဆန္ဒမရှိဟုလည်း ICJ တရားရုံးသို့ တင်ပြသွားသည်။
ဂမ်ဘီယာနိုင်ငံက Provisional Measure ဟု ခေါ်သော ကြားဖြတ်အရေးယူမှု အမိန့်ချမှတ်ပေးရန် ICJ တွင် လျှောက်ထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ နယ်သာနိုင်ငံ၊ သည်ဟိတ်မြို့တွင် အမှုကို ကြားနာမည်ဖြစ်သည်။
လက်ရှိတွင် မြန်မာအစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ တရားရင်ဆိုင်လျက်ရှိသည်။
ဓာတ်ပုံ- ICJ တွင် တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်။
Photo Credit - VOA

No comments:

Post a Comment

My Blog List