Monday, June 08, 2015

ထောင်ဖောက်ထွက်ပြေးသွားသည့် လူသတ်သမား ၂ ဦး အကူအညီ ရယူခဲ့ဟု အာဏာပိုင်များ ပြော

  
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာ လုံခြုံရေးအဆင့်မြင့် ထောင်တခုကနေ အဆင့်မြင့် လုပ်ငန်းသုံး ကိရိယာတွေသုံးပြီး ထောက်ဖောက်ပြေးသွားသူ လူသတ်သမား ၂ ဦးဟာ အကူအညီတခုခု ရယူနိုင်ခဲ့ပုံရတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ဇွန် ၇ ရက်နေ့မှာ ပြောပါတယ်။

လူသတ်မှုတွေနဲ့ သေဒဏ်၊ တသက်တကျွန်းပြစ်ဒဏ် အသီးသီး ချမှတ်ခံထားရတဲ့ ၄၈ နှစ်အရွယ် ရစ်ချတ်မတ် (Richard Matt) နဲ့ ၃၄ နှစ်အရွယ် ဒေးဗစ် ဆွပ်တ် (David Sweat) တို့ဟာ ကနေဒါနယ်စပ်နဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပြီး သူတို့ ထွက်ပြေး လွတ်မြောက်သွားပြီးနောက် ထောင်အာဏာပိုင်တွေကို နှုတ်ဆက်တဲ့ စာတန်းကိုပါ နောက်ပြောင် ရေးသားခဲ့ပါတယ်။

သူတို့ကို ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်နဲ့ အပူတပြင်း ရှာဖွေနေပြီး သူတို့ ၂ ဦး ဖမ်းဆီးနိုင်ရေး သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၁ သိန်းပေးဖို့ ဆုငွေထုတ်ထားပါတယ်။

သူတို့ ထွက်ပြေးလွတ်မြောက်ချိန်မှာ ကားတစီးစီး ရရှိခဲ့တယ်လို့ ယုံကြည်ရပြီး အခုလို လုံခြုံရေး အဆင့်အမြင့်ဆုံး ထောင်ကနေ ထွက်ပြေးလွတ်မြောက်နိုင်အောင် သူတို့ကို ကူညီသူတဦးဦး ရှိနိုင်တယ်လို့ နယူးယောက်ပြည်နယ် ရဲမှူး ချားလ်စ် ဂတ်စ် (Charles Guess) က သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ ၂ ဦးဟာ ထောင်ခန်းချင်းလည်း ကပ်လျက်ဖြစ်သလို ထောင်ခန်း အနောက်ဘက် အုတ်နံရံကိုဖောက်ပြီး ထောင်ပြင်ရောက်ဖို့ ထောင်မြေအောက်ခန်း အတားအဆီး အမျိုးမျိုးကို လုပ်ငန်းသုံး စက်ကိရိယာတွေနဲ့ ဖြတ်တောက် လွတ်မြောက်သွားကြတာလည်း ဖြစ်ပါတယ်။

သူတို့ ၂ ဦး အခုလို ထွက်ပြေးလွတ်မြောက်သွားမှုဟာ ဒီ အဆင်မြင့်ထောင်ရဲ့ အနှစ် ၁၅၀ သက်တမ်းအတွင်း ပထမဆုံးဖြစ်ပြီး သေရေးရှင်ရေးကိစ္စ ဖြစ်တယ်လို့လည်း နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List